Monday, May 7, 2012

သေလွန်ပြီးနေ့ရက်များ



ဒီတစ်ပတ် စနေ၊ တနင်္ဂနွေမှာ ကျွန်မ ဘာမှမလုပ်ဖြစ်ပါ။

မေးခွန်းလည်း မရိုက်ဖြစ်၊ အ၀တ်လျှော်စရာတွေ တပုံတပင်နှင့် လေ့လာရမည့် သင်တန်းစာအုပ်များမှာ စီရရီ သိမ်းဆည်းခြင်းကိုတောင် မခံရလေဘဲ ဟိုတစ်စ သည်တစ်စနှင့် ပြန့်ကျဲနေသည်။ ကျွန်မ ဒါတွေအား လုံးကို လျစ်လျူရှုထားခဲ့သည်။ ကျွန်မသည် ယနေ့ (သို့) မနက်ဖြန် သေတော့မည့်သူ တစ်ယောက် ဆိုပါစို့။ ဒီအရာတွေနှင့် အချိန်ဖြုန်းပြီး မကုန်ဆုံးစေချင်လှပါ။ ဒါဆိုရင် တရားဓမ္မကော……ဟင့်အင်း သမာဓိတောင်   သေချာ မရနိုင်သေးသည့် အနေအထားမှာ ဘာဝနာဆိုသည်က ကျွန်မအတွက် ပို၍ ခက်ခဲ   နိုင်သည်။ ချစ်သောသူကိုနားလည်နိုင်အောင် ကြိုးစားဖို့ သူ့ဆောင်းပါးတွေ Print ထုတ်ထားခဲ့သည့် စာရွက်အထပ် ကြီးကိုလည်း အိတ်တစ်အိတ်ထဲ သေချာစွာသိမ်းဆည်းလိုက်သည်။ 

ဒီအထဲက ၀ိပဿနာတွေ၊  ဘာဝနာတွေ၊ ပစ္စုပ္ပန်တွေ၊ အဇ္ဈတ္တတွေ၊ ရယ်မောခြင်းတွေ… ဒီအတိုင်းဆက်ရှိ   စေ။ ကျွန်မ ဥာဏ်မမှီရာကို မှီအောင်ကြိုးစားဖို့ မလိုအပ်တော့ပါ။ သူ့ကို အမှီလိုက်ဖို့ ကြိုးစားရင်း နားမ လည်သည့်အရာ ပြန်မေး သည့်၊ ဆွေးနွေးသည့်၊ သူ့ကို ချစ်ခင်လေးစာစိတ်ဖြင့် ပေးခဲ့သည့် comment  များ လည်းပေးရန် မလိုအပ်တော့ပါ။ ထိုစာရွက်ထုပ်ကြီးကို တွေ့ရှိသည့် နှောင်းလူတို့ ဆက်လက်ဖတ်ရှုလေ့ လာကြပါလိမ့်မည်။

ကျွန်မသည်သေလူဖြစ်ပါသည်။ သေလူသည် ရှင်လူအတွက် စဉ်းစားတွေးတောရန် မလိုအပ်ပါ။ ယခုအချိန် အခိုက်အတန့်သည် ကျွန် ဖြစ်ပါသည်။ ကျွန်မ စိတ်ထဲမှာ ဘာတွေရှိသလဲ။ အေးမြလတ်ဆတ်သော လေကို မျက်လုံးစုံမှိတ်၍ အားပါးတရ ရှုချင်နေသည်။ လေ…….. ကျွန်မ ဇီဝအတွက် လိုအပ်ရာ လေ………. ဘယ်မှာ လဲ။ လောလောဆယ်တော့ ကျွန် ဓာတ်ဆီနံ့၊ မီးခိုးနံ့ ရောပြွမ်းသော လေကိုသာ ရှုရှိုက်နေရသည်။ ပတ်ဝန်းကျင် သည် မလတ်ဆတ်ပါ။

စက်ဘီးဆွဲကာ မြင်သည့် လမ်းတလျှောက်နင်းနေလိုက်သည်။ မြို့ထဲလား…….မြို့ပြင်လား။ သိပ်တော့ အာရုံ မှာ မထင်ရှားပါ။ ကျွန်မ ရေချိုးခဲ့သလား…..အ၀တ်လဲခဲ့သလား….ဒါလည်း သိပ်ကိစ္စမရှိပါ။ ကျွန်မသေလျှင် ကျန်ရစ် သူတို့ ရေချိုးပေးကြပါလိမ့်မည်။ လောလောဆယ် လေ ကိုသာ အငမ်းမရ အနံ့ခံနေသည်။ အနံ့ခံ တာ ခွေးဖြစ် လျှင် ကျွန်မ က စက်ဘီးနင်းနေသည့် ခွေးတစ်ကောင် ဖြစ်ပါလိမ့်မည်။ Internet Café ထဲ    အမှတ်မဲ့စွာ ၀င်လိုက်မိတော့ လေအေးစက် အနံ့က ဆီးကြိုသည်။ အေးတော့ အေးမြသည်။ ကျွန်မ လိုချင် သည့် လတ်ဆတ်ရာတော့ မဟုတ်သေး။ သို့သော် ကျွန်မ ထိုင်ဖြစ်ပါသည်။ Online က အေးစက်စက် ဆီးကြို  သည်။ Blog တွေက အေးစက်စက်ဆီးကြိုသည်။ Facebook က အေးစက်စက်ဆီးကြိုသည်။ ချစ်သူ Account လေးက အမဲရောင်ကြက်ခြေခတ်ပြကာ အေးစက်စက်ဆီးကြိုသည်။ အင်တာနက်ဆိုင်   တွေမှာ ဘာလို့ တံခါးတွေ အကုန်ပိတ်ထားကြတာလဲ။ လေအေးစက်က တဆိတ်အေးမြလွန်း သည်။   အေးစက်ပြီး မွန်းကြပ်သည့် ဒဏ်ကို ကျွန်မ မခံနိုင်ပါ။ Sign out မလုပ်ဘဲ ချာကနဲ လှည့်ထွက်ခဲ့သည်။ ကျန်ရစ်သူတို့ မနေနိုင်လျှင် ပိတ်ကြ ပါလိမ့်မည်။



ရုတ်တရက် အာရုံထဲ ‘engaged to’ ဆိုသည့် စာသားလေးက ပြေးဝင်သည်။ “သူ နှင့်ကျနော်ဟာ     နေညိုချိန်   မှာ  အတူရှိနေတယ်” ဟူသည့်စာသားလေးက ပြေးဝင်သည်။ မျက်လုံးကို စုံမှိတ်ကာ တိမ်တွေဆီ လွင့်မျောလိုက် သည်။ Electronic wave မှ အကြောင်းအရာများ၊ သူ့ဘ၀ထဲမှ ပတ်သတ်မှု များ…… ဒါတွေအားလုံး ကျွန်မ အတွက် သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပြီ။ ကျွန်မ သည် သေလူဖြစ်ပါ သည်။ ရင်ညွန့် အထက်မှ ဘာကြောင့်တစစ်စစ် နာကျင်နေသည်လဲ..။ ခံစားမှုနောက်သို့ မလိုက်ဖို့အရေးကြီးသည်။

“မ နဲ့ ကျနော် က တစ်ယောက်တစ်လမ်းစီ”

ဒါတွေ ကို အထပ်ထပ် အခါခါ ကြားယောင်နေဖို့ မသင့်တော့ပါ။ ယင်းသည် Previous ဖြစ်ခဲ့ပြီ။ လမ်း ဆိုသည်မှာ သတ်မှတ်သူ၏ စိတ်နှင့်သာ သက်ဆိုင်ကြောင်း သူ့ကို ရှင်းပြရန်မလိုအပ်တော့ပါ။ အတိတ် ကာလတွင် ဖြစ်ခဲ့ပြီ၊ ပျက်ခဲ့ပြီ။ ယခုသည် ကျွန်မ သာ ဖြစ်ပါသည်။ ကျွန်မ ရှုနေသည့် လေ ဘယ်မှာလဲ။   လေ……တိုးသက် ညင်သာသည့် လေကို ကျွန်မ ပြန်ရရှိသည်။ လေ သည် အေးမြပါသည်။ လေ သည် အရောင်အဆင်းမရှိပါ။ လေ သည် လေ သာ ဖြစ်သည်။ ဘာ ပရိယာယ် မှ မရှိသလို အ၀င်အထွက် ကလည်း ညင်သာသိမ်မွေ့လွန်း သည်။ လေ သည် ကျွန်မကို ငြိမ်သက်အေးမြမှုကို    ပေးစွမ်းသည်။
ဟိုးးးးး အဝေးပျပျမှ အလင်းရောင်ဝိုးတ၀ါးကို ရိုးတိုးရိပ်ရိပ်မြင်နေရသည်။ ယင်း သည် တဖျပ်ဖျပ် လက်နေ သည်။ မှိတ်တုတ် မှိတ်တုတ် လင်းတလှည့်၊ ပျောက်တလှည့်…….ကြယ်ပွင့်လေလား။ ကျွန်မ ရောက်ရှိနေ သည့် နေရာ သည် တိမ်တိုက်တွေထဲလား။ ညဉ့်သန်းခေါင် ဖုန်းတစ်လုံးကို ဆုပ်ကိုင်လျှက် တသိမ့်သိမ့် ရှိုက်ငိုနေသည့် မိန်းကလေးတစ်ယောက်ကို တွေ့ရသည်။

‘engaged to ဆိုတာ တွေ့လို့’
‘ သြော်…ဟုတ်တယ်’
‘ဘယ်သူလဲဟင်’
‘အစ်မတစ်ယောက်ပါ’
‘ဘာလို့လဲ’
‘အဲဒါတွေ မလိုအပ်ဘူး မ။ တစ်နေ့ ထွက်သွားပါ့မယ်လို့ စကားကုန် ပြောထားခဲ့ပြီးပြီ။ ဒါတွေ မေးစရာ မလိုအပ်ဘူး’
‘ဟိုလေ မောင် ရယ်…..’
‘မောင် ပြောနေတယ် မ’

Feb 19။။ သေရာပါမယ့် ရက်စွဲဖြစ်တယ်။ 

‘မလုပ်ပါနဲ့ မောင်….မရက်စက်ပါနဲ့’
‘မောင်’
‘ကျနော် ဖုန်းချလိုက်တော့မယ်’
ဟင့်အင်း…ဟင့်အင်း။ မပြောပါနဲ့၊ မလုပ်ပါနဲ့၊ မရက်စက်ပါနဲ့၊ မထားခဲ့ပါနဲ့….. တောင်းပန်ပါတယ်…….   ကြောက်တယ်… ပြန်လာပါ……..တောင်းပန်ခယသံတွေ တဖြေးဖြေး တိမ်ဝင်…………..။
ဘာကြောင့်လဲ ? ဘာအပြစ်ရှိလို့လဲ ? ကျွန်မမှာ ဘာအားနည်းချက်ရှိလို့လဲဟင် ? ဘာလို့လဲ ? ဘာမှားမိလို့လဲ ?
‘ အေးချမ်းပျော်ရွှင်မှုဆိုတာ တစ်ပါးသူဆီက ရမှ ဆိုရင် အဲဒါ အစစ်မဟုတ်ဘူး’
အစစ်…အစစ် ဆိုတာ ဘာလဲဟင် မောင်….။ ဘ၀၊ နှလုံးသား၊ သိက္ခာ၊ စိတ်ဓာတ်…တစစီ နင်းချေခံရတဲ့ မိန်းမသားတစ်ယောက်အတွက်…….။ 


ကြည့်စမ်း….အရူးတပိုင်းဖြစ်နေသည့် မိန်းကလေးတစ်ယောက်…အဲဒါ ကျွန်မ လား။ သန်းခေါင်ယံ ရှိုက်သံ   တွေ ကြားရသည်။ လျစ်လျူရှု စိတ်ပျက်ငြီးငွေ့သော အဆိပ်ငွေ့တွေ   မြင်ရသည်။   ကျောခိုင်း လိုက်သာ သစ္စာတရား ကို မြင်ရသည်။ လူသည် အမှိုက်တစ်ခု မဟုတ်ပါ။ သို့သော် စွန့်ပစ်ပစ္စည်း တစ်ခုတော့ဖြစ်ခဲ့ ရပြီ။

အလင်းရောင် က တစစကြီးမားလာသည်။ တပွက်ပွက် လှုပ်ရှားနေသော   နှလုံးသားပြင်ကိုမြင်ရသည်။    နှလုံးကွဲမတတ် နာကျင်နေသည် တဲ့။ ဘယ်နားမှာလဲ။ သွေးတွေက စီးဝင်မြဲ၊ စီးထွက်ဆဲ…..။ ခံစား မှုသည် စိတ်လား၊ စိတ်သည် နှောင်ဖွဲ့ရာလား။ ရင်ဘတ်ကို ဆုပ်ကိုင်ချေမွထားသည်လား။ နာကျင်သည့်   နေရာ… ဘယ်မှာလဲ…ဘယ်နေရာလဲ။ တစစ်စစ်…..ထိုနေရာသည် ကြီးမားလေးလံသည့်   ကျောက်တုံး ပိနေသည်လား။ တဆိတ်မွန်းကြပ်လွန်းသည်။ တစစ်စစ်…..တနင့်နင့်…သူ ၀မ်းနည်းနေတယ်၊ အဲဒီ့နေရာ နာကျင်နေတယ်။ အာရုံစူးစိုက်မိတော့ ပါးပြင်ပေါ် မျက်ရည်တသွင်သွင်ကျသည်။ ချွေးစေးစများ မျက်နှာပြင် ဖွဲ့တည်စပြုလာ သည်။မျက်ရည်တွေ အတောမသတ်။ နှာသီးဖျားမှ အပူရှိန်မြင့်လာသည်။  နှုတ်ခမ်း ကို ယောင်ယမ်းကိုက်မိ သည်။ ဝေဒနာသည် အနက်ရှိုင်းဆုံး ပြင်းပြသည်။ အမှောင်ထုက ကြီးစိုးလာသည် လား ။ ရုတ်တရက် နိမ့်ဆင်း သွားသလိုပင်… နှလုံးခုန်သံခပ်ပါးလျလျကို ကြားစပြုလာ သည်။

အလင်းရောင်က မှိန်ဖျော့စွာ လူးလွန့်လာသည်။ နွေးထွေးသည့် လေကို ကျွန်မ ပြန်ရသည်။ အရာအားလုံး က ဟိုးး ဝေးဝေးမှာ ကျန်ခဲ့သလိုပင်။ ငိုညည်းသံတွေ ကျန်ခဲ့သည်။ ဘာသာဘာဝ ရယ်မောသံတွေ ကျန်ခဲ့ သည်။ လက်ညှိုးငေါက်ငေါက်တွေ ကျန်ခဲ့သည်။ ခွင့်လွှတ်ငြိမ်းချမ်းမှုတွေ ကျန်ခဲ့သည်။ သစ္စာတရားတွေ ကျန်ခဲ့သည်။ ချစ်ခြင်း မေတ္တာတွေ ကျန်ခဲ့သည်။ အယူဝါဒမတူမှုတွေ ကျန်ခဲ့သည်။ သိမ်ငယ်ရှက်ရွံ့မှုတွေ ကျန်ခဲ့သည်။ ပြည်သူ့ဥယျာဉ် ကျန်ခဲ့သည်။ မြကျွန်းသာ ကျန်ခဲ့သည်။ ကန်စပ်မှ ထိုင်ခုံတန်းလေး ကျန်ခဲ့ သည်။ နွေးထွေး သည့် အနမ်းများ ကျန်ခဲ့သည်။ “ကလေးလေး” ခေါ်သံတွေ ကျန်ခဲ့သည်။ “မောင့်ချစ်”   ခေါ်သံတွေ ကျန်ခဲ့သည်။ “မဖုရား” ဟု rename ပြုခံခဲ့ရသည့် အီးမေးလ် account တစ်ခုကျန်ခဲ့သည်။ ပါးခြင်းအပ် ရယ်မောပျော်ရွှင် နေသည့် ချစ်သူနှစ်ဦးကျန်ခဲ့သည်….။ ကျန်ခဲ့သည်……ကျန်ခဲသည်……ကျန် ခဲ့ သည် ။

နွေ သည် 35˚F ကို ဗဟိုပြု၍ ဆီးကြိုသည်။
ရာသီသည် မနေ့က ရာသီ မဟုတ်တော့။
ကျွန်မ သည် မနေ့က ကျွန်မ မဟုတ်တော့..။
ယခု
ဤ နေ ရာ မှာ
ကျွန် မ ခြေ စုံ ရ ပ်ေ န ပါ သ ည် ။ ။

ရွှေအိမ်စည်
13.3.2011
AM:1:45

*********************
နောက်ဆက်တွဲ ဖြည့်စွက်ချက်
*********************
၂၀၁၃၊ နိုဝင်ဘာ၊ ပေဖူးလွှာမဂ္ဂဇင်း
 
 

7 comments:

  1. ဒီအက်ဆေးလေးက ညီမရဲ့ဘလော့ဂ်မှာ ပထမဦးဆုံး ဖတ်မိတဲ့ အက်ဆေးလေးပါ၊ ပထမတစ်ခေါက်ဖတ်ပြီးပြီ၊ ကြိုက်လို့ အခု ဒုတိယတစ်ခေါက် လာဖတ်ပါတယ်...၊

    ဒီအက်ဆေးလေးရဲ့ ရေးဟန်ကို သဘောကျလိုက်တာ...၊ အထူးသဖြင့် ကြေကွဲနေတဲ့ အမျိုးသမီးလေးတစ်ယောက်ရဲ့ စိတ်အလျဉ်ကို 'ဖမ်း' နိုင်တယ်လို့ ခံစားရပါတယ်၊ ဖတ်နေရင်းနဲ့ ရင်ဘတ်ထဲမှာ တစစ်စစ်နဲ့ မွန်းကျပ်လာစေ ခဲ့တယ်၊ နှစ်သက်စွာနဲ့ ချီးကျူးပါရစေ ညီမရေ...။

    ReplyDelete
    Replies
    1. ဒီ အက်ဆေးမှာ ကွန်မန့်တစ်ခုတွေ့လိုက်ရတာ မျက်ရည်တောင် လည်တယ်....

      ကျေးဇူးပါ ဆိုတဲ့ စကားကိုပဲ အခါခါ ပြောမိပါတယ်..
      ကျေးဇူးပါ ကိုညီ :)

      Delete
  2. အဲ့ဒီနောက် နောက်တနေ့မနက်ခင်းမှာ မျှော်လင့်ချက် အသစ်တွေနဲ့ ပြန်လည် နိုးထလာမယ့် မိန်းကလေး တယောက် ကို မြင်နိုင်မှာပါ

    ReplyDelete
  3. အိန် ဂျယ် လှိုင်December 26, 2012 at 12:52 AM

    မောတယ်....ဖတ်ရသူလည်းမောတယ်....မမ :(

    ReplyDelete
  4. စိုင်းထီးဆိုင် သီချင်းလေး ကို သေချာနားထောင်ကြည့်လိုက် ( အကြင်နာ ဆိုတာ ဒီတယောက်တည်း နဲ့ ပြီးသင့် သလား )

    ReplyDelete
  5. ခံစားအားပေးသွားပါတယ်..

    ReplyDelete
  6. ခံစားမှုနောက်သို့ မလိုက်ဖို့အရေးကြီးသည်...hope tal now

    ReplyDelete