Thursday, February 14, 2013
အဝေးပျံငှက်-အပိုင်း (၈)
          “ဆရာ”
       ဆရာ့မျက်နှာဝယ် ဖြူ မမြင်ဖူးသော အရိပ်အယောင်တို့နှင့် လွှမ်းခြုံလျှက်။ မျက်ဝန်းတွေက မသိမသာ နီရဲ နေသည်။ ဆရာ ဘာဖြစ်လာတာပါလိမ့်။ ဖြူ စိုးထိတ်မိသွားသည်။
            “ဆရာ  ဘာဖြစ်လို့လဲ”
            ဆရာက အံကိုကြိတ်ကာ ဖြူ့ကိုစူးစူးစိုက်စိုက်ကြည့်နေသည်။ အတန်ကြာမှ….။
            “တစ်နေရာ သွားမယ် ဖြူ”
            “ဟုတ်… ပန်သစ္စာကိုပဲသွားကြမယ်နော်”
            “အင်း”
       “ပန်သစ္စာ” တွင် ထိုင်နေပြီး နာရီဝက်ခန့်ကြာသည်အထိ ဆရာ ဘာစကားမှမဆို။ ဖြူ ပင်သဘောင်္ဖျော် ရည်  တစ်ခွက်ကုန်တော့မည်။ ဆရာ့အတွက် မှာပေးထားသော စတော်ဘယ်ရီမစ်ရှိတ်က အရာပင်မယွင်း။ ကြာသော် ဖြူ စိုးရိမ်လာသည်။
            “ဆရာ…တစ်ခုခု ပြောပါဦး”
            “အလုပ်ပြောင်းသွားတာ ဆရာ့ကိုဘာလို့မပြောသလဲ”
            “သြော်.. ဆရာ အဲဒါကိုစိတ်ဆိုးနေတာလား။ ဆရာ ခရီးထွက်နေတဲ့ အချိန်နဲ့တိုက်နေလို့ပါ ဆရာ ရဲ့”
            “ပြန်ရောက်တာ တစ်ပတ်ရှိပြီ”
            “ဟောတော့.. ဖြူ မသိခဲ့လို့ပါ ဆရာ”
            “သိအောင်ကော မင်းအားထုတ်သလား”
              ဖြူ စိတ်အိုက်လာသည်။ ဘယ်လိုပါလိမ့်။ အခါတိုင်း ဒီလိုမဟုတ်ပါဘူး။ ဆရာ့ကိုသတိရနေသည် မှန် ပေမယ့် ဒီလိုမျိုး အတင်းအကြပ်မေးလာတော့ ဖြူ မဖြေချင်။ ဆရာက ကလေးဆိုးကြီး တစ်ယောက်   နှယ်။ ဖြူ ပြုံး ချင်သလိုဖြစ်လာ သည်။ နောက် ရင်ခုန်စပြုလာသည်။ ဘာကြောင့် ဒီလိုဖြစ်နေသလဲ၊ ဘာ ကိုရည်ရွယ်သလဲ ဆရာ။ ဖြူ့ကို အရူးမလုပ်ပါနဲ့။
            “မင်းရဲ့ဖြစ်ပျက်ပြောင်းလဲမှုမှန်သမျှ ကိုယ်သိချင်တယ်။ မင်း ဘာဖြစ်ဖြစ် ကိုယ့်ကိုပြောပါ။ ခရီး က   ပြန်ရောက်ရောက်ချင်း မင်း အလုပ်က ထွက်သွားပြီ၊ နောက် အလုပ်တစ်ခု ပြောင်းသွားပြီ… သတင်းတွေ က ဆီးကြို နေတယ်။ သူများ ပြန်ပြောမှ မင်းအကြောင်းသိရတဲ့ အဖြစ်မျိုး ကိုယ် ရောက်သွားပြီလား ဖြူ”
            “ ဖြူ လိုအပ်တဲ့ အချိန်တိုင်း၊ ဒုက္ခရောက်နေတဲ့ အချိန်တိုင်းကော ဆရာ အနားမှာရှိနေခဲ့လို့လား။ ဘာ တွေ ဖြစ်နေနေ တိုင်ပင်ရင်ဖွင့်ခွင့်ကော ဖြူ ရခဲ့လို့လား ဆရာ။ ဖြူ က ဆရာလိုအပ်တဲ့ အချိန်အနား မှာ နေ ပေး။ ဆရာ မေ့လျော့တဲ့ အချိန် သင့်တော် တဲ့နေရာမှာ နေသာသလိုနေ……အဲသလိုလား ဆရာ။ ဖြူ တစ်ယောက် တည်း အခက်အခဲတွေကို ရင် ဆိုင်ဖြေရှင်းပြီး ဆရာ ဘယ်   တော့ပြန်လာမလဲ အမျှော်စိတ် နဲ့ မော… .ပြီး တော့ ဆရာ ပြန်ရောက်လာတာနဲ့ ဆရာ့ဆီ ပြီးသွားတာတွေ ပြေးသတင်းပေး။ ဒီလိုလား ဆရာ”
            ဖြူ့အသံသည် မာန်တင်းထားသည့်ကြားမှ တုန်ယင်လာသည်။ ဖြူ သည်အတွင်းစိတ်တစ်နေရာ၌ ဆရာ့ ကို မျှော်လင့်အား ကိုးခဲ့သည်။ ပြင်ပသိစိတ်၌မူ မိမိကိုယ့်ကိုသာ အားကိုးရန်အကြိမ်ကြိမ် သတိပေး သည်။ ဖြူ့လက်ရှိဘဝ အခြေ အနေသည် ဖိုးလမင်း ကြီးကို မျှော်ကြည့်ရင်း “ထမင်းဆီဆမ်း၊ ရွှေလင်ဗန်း   ပေးပါ” ဟူ၍ စိတ်ကူးယဉ်တမ်းတနေရမည့် အနေ အထားမျိုး မဟုတ်။ ဖြူ့မှာ   ပျော့ညံ့တွေဝေနေဖို့ အချိန်မရှိလှပါ။ ပြီးတော့ ဖြူ က မိန်းကလေး။ ဆရာ့ဘက်က ဘယ်လိုဆို တာ တွေးတောမနေသင့်သလို ဘာမှလည်း အရိပ်အယောင်ပြ လှုပ်ခတ်မနေချင်လှပါ။ ယခု ဆရာက ဒီလိုတွေပြောလာတော့ ထိန်းထားရ သည့်ကြားမှ တုန်ယင် လာသည်။ ငုံ့ထားခဲ့ရသော ဝမ်းနည်းအားငယ်စိတ်တို့လည်း ထွက်ပေါ်စပြုလာ သည်။ ဖြူ့စကားတွေ ကျွံသွားသလားလဲ ဖြူ မသိတော့။ ဖြူ့ ရင်မှာ တဆိတ်နာကျင်လှသည်ကိုတော့ ဆရာ နားလည်ဖို့ ကောင်းပါသည်။
             “ကလေးရယ်..”
            ဆရာ့အသံမှာ ဟိုးအဝေးမှလာသည့်နှယ် တိုးလျလျ။ ခုံပေါ်တင်ထားသော ဖြူ့လက်အစုံကို အား   ပေးသည့်နှယ် ဆရာက ခပ်တင်းတင်းဆုပ်ကိုင်တော့ ဖြူ့နှလုံးသားကို ဆုပ်ကိုင်လိုက်သလိုပင်။ ပါးပြင်ပေါ် တလိမ့် လိမ့် ကျလာသော မျက် ရည်စတွေက တစ်စုံတစ်ရာကိုဝန်ခံလိုက်သလိုလား။ သည်မျက်ရည်စတွေ ကိုတော့ ဆရာနားလည်သည်ထင်ပါသည်။ ဖြူ့လက်ခုံကို ဆွဲယူနမ်း ရှိုက် လိုက်တော့ ဖြူ အလန့်တကြား   မော့မကြည့် ဖြစ်။ ခေါင်းငုံ့ရက်သားမှာ စကားတစ်ခွန်းကိုတော့ ရင်ထဲမှာ ရေရွတ်မိသည်။
            “ ဖြူ ယုံကြည်ပါရစေ”
********************
  ချစ်သူဟူသော အရိပ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရလာသည့်နောက် ဖြူ့ life Style က အနည်းငယ်တော့   ပြောင်း လဲလာ ခဲ့သည်။ ရုံးချိန်တွေတွင် ဖုန်းကိုမျှော်တတ်ပြီ။ သင်တန်းချိန်အပြီးတွင် အဆောင်ကို တန်း မပြန်ဖြစ်။ အလုပ်ဆင်းချိန်တွင် ဆရာက အမြဲလာ ကြို သည်။ ထို့နောက် ဆိုင်တစ်ခုခုတွင် ထိုင်ကြပြီးမှ   ဖြူ့အဆောင်သို့ ပြန်ပို့ပေး လေ့ရှိသည်။ ဘာသာရပ် ဆိုင်ရာစာများကို အိပ်ချိန်   ရောက်မှ လေ့လာကျက် မှတ်ရသည့်တိုင် ဖြူ မညည်းညူ၊ မနွမ်းလျ။ လုံခြုံအားကိုးသည့် ခံစား ချက်တစ်ခုက ဖြူ့ကို လွှမ်းခြုံရစ် ပတ် ထားရာ စိတ်ကလေး တွေက တက်ကြွသလိုတောင် ဖြစ်နေသည်။ ဖြူ တစ်ယောက် တည်း မဟုတ်ဘူး။ ဖြူ့ မှာ ကိုကို ရှိသည်။
     “ကိုကို”
          သည် နာမ်စားကို တီးတိုးရေရွတ်မိရင်းက သူ့ကိုမြင်ယောင်ကာ ပြုံးမိတော့မလိုဖြစ်လာသည်။ အဲလို မျက်နှာထား တည် တတ်၊ အေးစက်စက်လူကြီးက သူ့ကို “ကိုကို” ဟုခေါ်ခိုင်းမည်ဟု ဖြူ ဖြင့်ထင်တောင် မထင်မိခဲ့။ သူဟာ ဖြူ့ရဲ့လုံခြုံ နွေးထွေးရာ ရင်ခွင်တစ်ခု၊ အားကိုးယုံကြည်ရာ ကောင်းကင်တစ်ခုဖြစ်သည်။ ချစ်သူဘဝ ရောက်မှ ကိုကို လူကြီးဆန်တတ် မှန်း၊ အလျော့ပေး ကြင်နာတတ်မှန်း ဖြူ သိမြင်လာရသည်။   ဖြူ ကတော့ ဟန်လုပ်လူကြီးဆန် မာန်တင်းထားသည့်အဖြစ်မှ လျှောကျကာ ကလေးဆိုး တစ်ယောက်လို   ဖြစ်လာသည်။ ကိုကို့အပေါ် ဆိုးသည်၊ နွဲ့သည်။ ဝမ်းနည်းစရာတွေ့လျှင် ကိုကို့ ရင်ခွင်တွင်းသို့ဝင်ကာ တရှုံ့ ရှုံ့ငို တတ်သည်။ ပျော်ရွှင်စရာတွေ့လျှင် ကလေးတစ်ယောက်နှယ် လက်ခုပ်လက်ဝါးတီး၍ အော်ဟစ်တတ် သည်။
            မိမိကိုယ်တိုင် ဖြေရှင်းနိုင်သည့် အလွယ်တကူကိစ္စရပ်များဖြစ်နေလျှင်ပင် မလုပ်တတ်၊ မကိုင်တတ် မသိနားမလည်စွာ ကိုကို့ထံအကူအညီတောင်းတတ်သေးသည်။ ထိန်းချုပ်သိမ်းဆည်းခဲ့ရသော မိန်းမသား တစ် ယောက်၏ အားကိုး ယုံကြည်မှု၊ လေး စားမြတ်နိုးမှုတို့သည် ကိုကို့အပေါ်သို့သာ သွန်အံကျမိသည်။ ဖြူ သိပ် မရင်ကျက်တတ်တော့ပြီ။ တစ်ခုခု ဖြစ်လျှင် ကိုကို။ အသေး အဖွဲ ကိစ္စလေးမှအစ တိုင်တည်ရင်ဖွင့် ရာသည် ကိုကို။ တစ်ယောက်တည်းနေတတ်ခဲ့ရာမှ ဂရုစိုက် ခံချင်လာသည်။ ထိုဂရုစိုက်ခံရမှု  တို့ကိုလည်း   ပျောက်ပျက် သွားမှာစိုးလှစွာ ကိုကို့ကိုလည်း အတင်းဖက်တွယ်ထားမိပြန် သေးသည်။
          ကိုကို၏ သည်းသည်းလှုပ်လှုပ်သော အကြင်နာများအောက်ဝယ် ဖြူ့ဘဝသည် လန်းဆန်းအေးမြမှု များနှင့် တက်ကြွလို့နေ သည်။ အရာရာကိုစဉ်းစားချင့်ချိန်ကာ လူကြီးဆန်တတ်သော ဖြူ မဟုတ်တော့။ ချစ်သူ အပေါ် ချစ်ခင် အားကိုးယုံကြည်မှု အလုံးစုံ    နှင့် မှီနွဲ့ဖို့သာ အလေးထားနေသည့် ဖြူ ဖြစ်လာသည်။ ထို့ပြင် ယခင်ကသတိမထားခဲ့သည့် ကိုကို့အနားမှ အမျိုးသမီးကြီးငယ် တို့ ကိုလည်း မြင်စပြုလာသည်။ ကိုကိုက နူးညံ့ ချိုသာကာ အကူအညီပေးဖို့ လက်မနှေး သူပေပဲ။ ဖြူ့နှယ်ပင် ကိုကို့ကို ချစ်ခင်နှစ်သက် သူတွေရှိနေမှာ မလွဲ ပင်။ ဖြူ သည် ယခင်က မရှိခဲ့ဖူးသော သဝန်တိုမှုဟူ သော လောင်မြိုက်မှုနှင့် စိတ်သဘောထား သေးသိမ်စပြု လာသည်။
          ပထမဆုံးအကြိမ် ဖြူ မေးခွန်းထုတ်၊ စစ်ဆေးသလိုလုပ်တော့ ကိုကိုက အနည်းငယ်ရယ်မော ကာ ဖြူ့ ခေါင်းကို ခပ်ဖွဖွ ပုတ် သည်။
            “ကိုယ့် ကလေးလေး သဝန်တိုနေတာလား”
            “ဟုတ်တယ်. ။ တိုတယ်။ ကိုကို့အနားမှာဘယ်မိန်းမမှ မမြင်ချင်ဘူး”
            ကိုကို့မျက်နှာ ပြုံးယောင်သန်းကာမှ တည်ငြိမ်သွားသည်။ ထို့နောက် ဖြူ့ကို စေ့စေ့ကြည့်ကာ….
            “အဲလိုတွေ မဖြစ်ရဘူး ဖြူ။ ကိုယ်က ဖြူ့ကိုကလေးတစ်ယောက်လို ပျော်ရွှင်နေတာ   ဖြူ အေးချမ်း နေတာ ကို မြင်ချင် တာ။ ဖြူ ဖြစ်ချင်နေတာတွေကိုလည်း ဖြစ်အောင်လုပ်ပေးချင်တာ”
            ကိုကို ဖြူ့အနားမှာရှိရင် အေးချမ်းတယ်။ ရင်ထဲမှသာ အသံတိတ်တုံ့ပြန်ရင်း ကိုကိုနှင့် အတိုက် အခံ စကားတော့ ဖြူ မပြော   ဖြစ်ခဲ့ပါ။ ကိုကိုက လူတစ်မျိုး….။ သူ့စကားကိုဆန့်ကျင်လျှင်ဖြစ်စေ၊ အငြင်း အခုံ စကား ပြောဆိုလျှင်ဖြစ်စေ ဆက်လက် မပြောဆိုတော့ဘဲ တိတ်ဆိတ်ငြိမ်သက် သွားလေ့ရှိသည်။ ထိုအချိန်များတွင် ညင်သာသောအပြုံးတို့ကိုပြုံးလေ့ရှိ သည်။ ကိုကို က အလျော့ပေး ခွင့်လွှတ်ခြင်းဟု ဆိုပေမယ့် ဖြူကတော့ ထို အပြုံးတို့ကိုကြောက်လှသည်။ ဘာရယ်ဟုသာ သေချာတပ်အပ် မပြောတတ်။   ဖြူ့ အသိ စိတ်တစ်နေရာမှာ ထို အပြုံးတွေ ထပ်ကာထပ်ကာ များလာမှာကိုတော့ စိုးရွံ့လှ ပါသည်။
            ကိုကို နှင့် ဖြူ တို့ချစ်သူဘ၀သည် အေးချမ်းပျော်ရွှင်စရာကောင်းလှသည်။ ဂီတ၊ အနုပညာ၊ ဘ၀ ရပ်တည်မှုများနှင့် ဖြူ တို့ သည် သိမ်သိမ်မွေ့မွေ့…ငြိမ်ငြိမ်သက်သက်။ ချစ်ခြင်း၌ အပြည့်အ၀ပျော်ဝင်နေ ၍လား ဖြူ သည် သူ့ပန်းတိုင်၊ သူ့ မျှော်မှန်းချက် တို့ကို အနည်းငယ် ခေါက်သိမ်းစပြုလာသည်။ လုပ်ငန်း အဆင်ပြေစေရန် ကြိုးစားအားထုတ်ခဲ့ရသော ဘာသာ ရပ်ဆိုင်ရာပညာကလည်း တစ်နည်းတွန်းအားပေး ခဲ့သည်ထင်ပါသည်။ နှစ်နှစ်တာကာလအတွင်းမှာပင် ဖြူ့ ဘာသာပြန် အရည်အသွေးက တဟုန်ထိုးမြင့်မား လာခဲ့ရာ အတော်အတန် နာမည်ရနေသော သတင်းဂျာနယ်တစ်ခု၏ Transulator အဖြစ်သို့ ဖြူ  ရောက် ရှိခဲ့သည်။ ဖြူက နိုင်ငံတကာ သတင်းများကို အချိန်မီဘာသာပြန်ပေးရသည်ဖြစ်ရာ အင်တာနက် စာမျက်   နှာ၊ နိုင်ငံတကာသတင်းဂျာနယ်များ၊ ဘာသာရပ်ဆိုင်ရာစာအုပ်များနှင့် ဖြူ့နေ့စဉ်ဘ၀သည် လုံးထွေးရစ် ပတ်လာသည်။
                အိမ်ကို ငွေပိုမို ပို့နိုင်လာလေ၊ ရပ်တည်မှုရှင်သန်မှု အဆင်ပြေချောမွေ့လာလေ… .ထိုတပ်မက် မှုတွေက လုပ်ငန်း ခွင်နယ် ပယ်တွင် ပိုမိုကြိုးစားလှုပ်ရှားရန် ဖြူ့အတွက် တစစတွန်းအားတွေဖြစ်လာခဲ့ သည်။ မြနှင်းဖြူ သည် မီဒီယာလောက တွင် ထိုက်သင့် သည့် နာမည်တစ်ခုအဖြစ် လူသိများလာသည်။
               ထိုအချိန်တွင် ကိုကို က အောင်မြင်သော ဂီတသင်တန်းကျောင်းတစ်ခုကို တည်ထောင်နိုင်သူ အဖြစ် ထင်ရှား ကျော်ကြား လာသည်။ ဖြူက မှိတ်တုတ်မှိတ်တုတ်ကြယ်သေးသေးလေးဖြစ်ခဲ့လျှင် ကိုကိုက ထွန်းလင်း တောက်ပသည့် ကြယ်ပွင့်ကြီး တစ်ခုဖြစ် သည်။ ဆန်းသစ်တီထွင်သော အနုပညာများကို စဉ် ဆက်မပြတ် ဖန် တီးနိုင်သော၊ ဂီတပညာရှင် ပေါင်းများစွာကို   နှစ်စဉ်မွေးထုတ် ပေးနိုင်သော………. . သော ပေါင်းများစွာ ပိုင် ဆိုင်သည့် ကိုကို့နာမည်သည် ဂီတလောက တွင်သာမက အနုပညာလောက တ၀န်း တွင် ကျော်ကြား အောင် မြင်ခဲ့သည်။ ရှေးမဆွက ဖြူ့အတွက် စဉ်းစားပေးခဲ့သော အကသင်တန်း   တော့ အကောင်အထည် မဖော်လိုက် နိုင်ရှာ။ သူ့ဂီတရပ်ဝန်းနှင့်ပင် လုံးထွေးရစ်ပတ်ကာ မအားမလပ် ရှိလှ သည်။ ကိုကို အောင်မြင်ကျော်ကြား သော အခါ သူ ပါဝင် ဖူးခဲ့သည့် Blue Star သည်လည်း ထင်ရှား လာသည်။ ကိုကို က တော့ Blue Star တွင် မပါဝင် နိုင်ရှာတော့ပေ။
            အလုပ်တာဝန်များနှင့် မအားမလပ်ကြသော်လည်း ဖြူတို့ချစ်ခြင်းတရားကတော့ နွေးထွေးမြဲ။ အမြဲ လိုလို မတွေ့ ဖြစ်ကြ သည့်တိုင် တွေ့ဆုံချိန်များတွင် ကြင်နာယုယမြဲ၊ ကိုကိုနှင့် ချွဲနွဲလှုပ်ခတ်မြဲ ဖြူပင်။ ချစ်ခြင်း မေတ္တာက အားအင်တွေကို မွေးဖွားပေး   လေသည်လား။ ကိုကို့အတွက်တော့မသိ။ ဖြူ့အဖို့ရာ ကိုကို ဟူသည့် အရိပ်တစ်ခုနှင့်ပင် ကြည်နူးအေးချမ်းလှ သည်။ ဖြူ သည် ချစ်ခြင်းတရားကို ယုံကြည် ကိုးစားလွန်းလှသည့် အက ကလေးပမာပင်။
********************
(၁၆)
        အနုပညာပွဲတော်တစ်ခုတွင် ပါဝင်ရန် ကမ္ဘောဒီးယားသို့ ကိုကို သွားရောက်ရမည် ဟူသော အခါ ဖြူ ဂုဏ်ယူ မဆုံးပေ။ ဂီတကိုယ် စားပြုအဖြစ် နိုင်ငံကျော်အဆိုတော် တစ်ယောက်၊ တေးရေးဆရာ တစ်ယောက်နှင့် ကိုကို တို့သုံးဦး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ခွင့်ရခဲ့သည်။ အနုပညာပွဲတော် သည် ဆယ့်ငါးရက် ခန့် ကြာမြင့်မည်ဖြစ်ပြီး ကိုကိုတို့တတွေ ကတော့ ပွဲအတွက်ပြင်ဆင် စရာများနှင့် အခြားပြုလုပ်စရာများအတွက် စုစုပေါင်းတစ်လခန့်ကြာမြင့်မည်ဖြစ်သည်။
        ဖြူ သည် ကိုကို့အောင်မြင်မှု၊ ထက်မြက်မှုတွေအတွက် ကျေနပ်ပီတိဖြစ်နေရသဖြင့် လွမ်းမော ဖို့ကိုတောင် မေ့နေသည်။ ပုံမှန် အနေအထားသည် သုံး လေး ရက်တစ်ကြိမ်တော့ တွေ့ဖြစ်နေကြမြဲဖြစ် သည်။ ကိုကို့ကို လေ့ လာစရာရှိတာတွေ လေ့လာဖို့၊ အနု ပညာပွဲတော်အတွက် အကောင်းဆုံးပြင်ဆင်ဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ တတွတ်တွတ်မှာနေသော ဖြူ့ကို ကိုကို က ငေးစိုက်ကြည့် ကာ-
   “ကိုယ်တော့ လွမ်းနေတော့မှာပဲ ကလေး”
     ကိုကို့ စကားအဆုံးတွင် တက်ကြွဂုဏ်ယူမှုများဖြင့် နှုတ်သွက်လျှာသွက်ဖြစ်နေသော   ဖြူ ငြိမ် ကျသွားသည်။ ဟုတ်ပါရဲ့ တစ်လ ကြီးများတောင်။ ဖုန်းအဆက်အသွယ်ရနိုင်ပေမယ့် ကိုကို့ပုံရိပ်၊ သွင်ပြင် တို့နှင့် ဝေးနေရမှာ ပင်။ ရီဝေလွမ်းမောသော ကိုကို့အကြည့်   တွေက ဖြူ့ကို ပိုလို့ဆွေးလျစေသည်။
       ထိုနေ့က ကန်ဘောင်၏ခုံတန်းလျားလေးပေါ်တွင် ကြယ်ပွင့်လေးတွေ မြင်ရသည် အထိထိုင် ရင်း ဖြူနှင့် ကိုကို ငေးမောနေမိ ကြသည်။ ဖြူ့ဆံနွယ်စတွေကို ညင်ညင်သာသာတွေ့ထိနေရုံမှတပါး ကိုကို က အခြား စကား တွေ မပြောခဲ့သလို၊ ဖြူ သည်လည်း ကိုကို့ပခုံးစွန်းကို မှီကာငြိမ်သက်နေမိသည်။ ကန်ကို   ဖြတ်၍ တိုက်ခတ်လာ သော လေပြေလေညင်းက ဖြူတို့၏ အလွမ်းကို အေးမြခြင်းငှာ မစွမ်းသာခဲ့။
           ထို့နောက် လွန်လေပြီးခဲ့လေသောနှစ်များက ဖြူ့အကြောင်းတွေ ကိုကိုကပြန်ပြောပြနေ သည်။ ဖြူ့ကို စတွေ့စဉ်က ဘယ်လို၊   ဖြူ့အတွက် စိုးရိမ်ပူပန်မှုတွေဖြင့် စောင့်ရှောက် ခဲ့ရသောနေ့ ရက် များ၊ ဖြူ့ကို ချစ်ခင် ခဲ့ရသည့် အသေးစိတ်မှတ် သားမှုများ…။ တိုးသက်ညင်သာသော စကားသံများကို   ငြိမ်သက်စွာ နားထောင်ရင်း ရင်သည် အမျိုးအမည်ခက်သည့် လှိုက် မောမှုတို့ဖြင့် တုန်ရီ နွေးထွေးလာ သည်။
         “ကိုကို…ကိုကို့ကို ဖြူ သိပ်ချစ်တယ်”
       ဒီစကားတစ်ခွန်းသာ အားယူ၍အနိုင်နိုင်ပြောရလျှက် ဖြူ့စကားများစွာမပြောနိုင်။ ဖြူ့ရင်သည် တသိမ့်သိမ့် တုန်ရီကာ  နှလုံး သား သည် ကိုကို့အပေါ်မြတ်နိုးချစ်ခင်မှုများဖြင့် လွှမ်းခြုံရစ်ပတ်ကာ   နွေးထွေးပျော်ဝင်လျှက် ရှိသည်။
         ဖြူ့အတွက် ထိုညသည် အလှပဆုံးဖြစ်သည်။ တလက်လက်တောက်ပနေသော ကြယ်ပွင့် ကလေးများ၊ ကန်ရေပြင်ကို ဖြတ်၍ တိုက်ခတ်လာပါသော ညင်သာသည့်လေပြေများ၊ တစ်သက်မေ့ရက်နိုင် စရာ မရှိ သော နွေးထွေးသည့် စကားသံများ၊ ဖြူ့နဖူးပြင်ပေါ် သို့ ညင်ညင်သာသာကျရောက်လာသည့် ကိုကို့အနမ်း…..။ ဖြူ သည် အရာရာကို ကြည်နူးလှပလို့နေသည်။
       ဖြူ အဆောင်ကိုပြန်ရောက်သော် တော်တော်နှင့်အိပ်မပျော်။ မှန်ပြတင်းတံခါးကိုဖွင့်ကာ အပြင် သို့ ငေး ကြည့်ရင်း ဟိုး လွန်ခဲ့ သည့်နှစ်များ “ပန်းရိပ်နွယ်” သို့ခြေလှမ်းအစညက သည်နှယ်ပင် ပြတင်းတံခါး မှ တဆင့် အပြင်သို့ငေးမောကြည့်မိတာ သတိရသည်။ ကိုကိုက အတိတ်တွေ နှိုးဆွလိုက်သလိုပဲ။ အခန်း တွင်းကို ဝေ့၀ဲကြည့်မိကာ ဖြူ့အတွေးတွေသည် တလွင့်လွင့်။ သည်လို အိပ်မပျော်တဲ့ညမျိုး၊ သည်လို   ပြတင်းတံခါး ကို ငေး ကြည့်တာမျိုးတူညီပေမည့် အခန်းတွင်းအနေအထားက ပြောင်းလဲခဲ့ပြီ။ ပစ္စည်းတွေ ရှုပ်ထွေး စုပုံကာ ကျဉ်း မြောင်းကြပ်တည်းသော ငါးယောက်နေရသည့် ဆင်ခြေဖုံးရပ်ကွက်က အမျိုးသမီး   ဘော်ဒါဆောင်၏ အခန်း ကျဉ်းလေးမဟုတ်တော့။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် လမ်းတစ်ခု အတွင်း မှ သပ်သပ်ရပ်ရပ် အဆောင်တစ်ခု၏ အတော် အသင့်ကျယ်ဝန်းသည့် တစ်ယောက်ခန်း လေးဖြစ် သည်။ ရှေးယခင်ကလို ခုတင်ပေါ် မှပြတင်းပြင်ပကို ငေးစရာ မလို။ ပြတင်းဘောင်ပေါ် လက်ထောက်လျှက် လတ်ဆတ်သောလေကို ရှုရှိုက်ကာ ငေးမောနိုင်ပြီ။
        အခန်းတွင်းအနေအထားက ပြောင်းလဲသလို အပြင်ကိုငေးမောနေသော ဖြူ့စိတ်၊ အဇ္ဈတ္တတွေ   ကော ပြောင်းလဲနေပြီ လား။ လွန်ခဲ့သော ခြောက်နှစ်ဝန်းကျင်က မိန်းမငယ်လေး ဖြူ သည် ပင်ပန်းမှု၊ ဆင်းရဲမှုတွေ ကြားက မျှော်လင့်မှု၊ အနုပညာ အားမာန်   တွေနှင့် လန်းဆန်းတက်ကြွခဲ့ဖူးသည်။ ယခုရင့် ကျက်လာပြီဖြစ် သော၊ ရပ် တည်မှုတည်ငြိမ်နေသည့် ဖြူ့အတွေး တွေတွင် ဘာတွေ ရှိနေပါလိမ့်။ ဖြူ သည် သူ့ကိုယ်သူပြန်မြင်အောင် ကြည့်ရင်းမှ အနည်းငယ်တော့ တွန့်ဆုတ်သွားသည်။
         ကိုကို က နွေးထွေးသည့်ချစ်ခြင်းတရားကို ဖော်ဆောင်ပြသရင်းမှ ဟိုးအရင့်အရင် ကာလများ ကို ပြန် ပြောင်းပြောဆို သောအခါ ချစ်ခြင်း၏ ကြည်နူးခြင်းနှင့်အတူ နှစ်ကာလများကိုပါ ဆင်ခြင်မိလာ သည်။ “ဖြူ အိပ် မက်မက်ခဲ့ဖူးတယ်။ ပြီးတော့ အဲဒီ့အိပ်မက် အတွက် ဒီကိုရောက်လာခဲ့ရတာ…. မဟုတ်   သေးဘူး… ပြေးရင်း ရောက်လာခဲ့ရတာ”
        တစ်ကိုယ်တည်း တီးတိုးပြောဆိုရင်းမှ ဖြူ့အတွေးတွေသည်မှုန်ပျပျ။ ကောင်းကင်ဝယ် ကြယ်လေး   တွေက အနှံ့အပြားမှ တလက်လက်တောက်ပနေသည်။ ဖြူ ရဲ့ ကနေသော ကြယ်ကလေး ဘယ်နားမှာ ပါလိမ့်။ သွယ်လျနုပျောင်းသော ဖြူ့ လက် တွေ ကို ယောင်ကန်းကန်းကြည့်မိသည်။ ဘယ် ညာ ချိုးကြည့်   တော့ ခပ်တောင့်တောင့်လို။ မျက်ဝန်းအရိပ်ဝယ် အင်တာနက် သတင်း စာမျက်နှာများ၊ ဘာသာပြန်လက် စ စာမူကြမ်းများ၊ ခမ်းနားတင့်တယ်သော ရုံးခန်းအသွင်အပြင်… ၀ိုးတ၀ါး အိပ်မက်တွေ ဘယ်ဆီမှာလဲ။
        ဖြူ လျှောက်ခဲ့သောလမ်းသည် တည့်မတ်နေသည် ဆိုပေမယ့် ပြန့်ပြူးသာယာသော လမ်းကို များ ကွေ့ခဲ့မိလေသလား။ ဖြူ့ ဆန္ဒ၊   ဖြူ့လိုအင်သည် ဘာပါလိမ့်။ ဆယ်ကျော်သက်အရွယ်တွင် ရူးရူးမိုက် မိုက် စွန့်စားခဲ့သော အိပ်မက်ကို ရုတ်ချည်း သတိရမိ   သောအခါ ဖြူ့ရင်သည် တလှပ်လှပ်ဖြစ်လာသည်။ အဆင် ပြေချောမွေ့သော လမ်းခုလတ်တစ်နေရာမှာ ဖြူ ပျော်မွေ့မိနေပါရောလား။ သည်လိုဘ၀အောင်   မြင်မှု ကိုရဖို့ ပညာရပ်ဆိုင်ရာတွေ၊ ဇွဲ လုံ့လ တို့ဖြင့် အားထုတ်ကြိုးပမ်းမှုတွေ ရင်းနှီးခဲ့ရတာမှန်သည်။ အသက်မွေးဝမ်း ကြောင်းအလုပ်ကို ရိုသေချစ်ခင်စွာ စနစ်တကျကြိုးစားရင်း အောင်မြင်အောင်ကြိုးစား   နိုင်ခဲ့တာမှန်သည်။ သို့သော် ခေတ္တသိမ်းဆည်းလိုက်ရပါသော   ခြေလှမ်းအဆုတ်ကို   ဖြူ မေ့လျော့သွား ခဲ့သည်။
      အနည်းဆုံးတော့ ကိုယ် လျှောက်သောလမ်းရဲ့အမျိုးအမည်ကို ဖြူ သိရှိနေသင့်သည်ပဲ။
  “ဖြစ်ချင်တာ ဆန္ဒ၊ ဖြစ်လာတာ ဘ၀” လို့ရေရွတ်ဖို့ ဖြူ့အတွက်စောလွန်းနေပါသေးသည်။ ဒါက   နောက်ဆုံး မည်သို့မှ လမ်း မတွေ့မှ၊ လမ်းပျောက်မှ၊ လမ်းဆုံးမှသာ   ရေရွတ်မြည်တမ်းရမည့် စကားဖြစ် သည်။ အောင်မြင်မှု တစ်ခုမှာများ ယစ်မူးကာ ဖြူ သာယာသွားမိလေ သလား။ ဖြူ ဖန်တီးလိုသောအနု ပညာ၊ အကောင်အထည်ဖော်ချင်သော “မြနှင်းဖြူ” နှင့် မြန်မာ့အနုပညာ…..။
      ဖြူ့ သွေးတွေသည် ယခုမှ လှည့်ပတ်စီးဆင်းလာသလိုပင် နွေးကနဲ။ အဆင်ပြေမှုတစ်ခုမှာ ရပ်တန့် သာယာမိနေသော   ဖြူ့ကို   မြနှင်းဖြူက ယနေ့ည ပြန်မြင်လိုက်ရသည်။ ကိုကို့ သွင်ပြင်ကို မမြင် မိဘဲ စန္ဒရား ဆရာလေး ကိုနေလှိုင်းကိုသာ   မြင် ယောင်လာ သည်။ သီချင်းတိုက်ကြ၊ စပ်ဆိုကြသည့်   နေ့ရက်များ၊ ဆရာ ရေးပေးသော ဖြူ့အတွက်ကိုယ်ပိုင်သီချင်းများ။ ဗလာထမီခေတ်သံ. .နွဲ့နှောင်းလှပစွာ ကပြနေသော မင်းသမီး လေး မြနှင်းဖြူ။ မြန်မာ့အနုပညာကို ကမ္ဘာသို့ဖော်ထုတ်လို သော မြနှင်းဖြူ အိပ်မက်များ။
                 ဟိုးအဝေးက ကြယ်ပွင့်လေးတစ်ပွင့်ကို လက်ကနဲ တွေ့လိုက်ရသလိုရှိသည်။ တိတ်ဆိတ်သော ည အမှောင်ဝယ် ဖြူ့ အသိ အာရုံသည် တဖျပ်ဖျပ်လင်းသွားသည်။
         ဖြူ လမ်းမပျောက်သေး (သို့) လမ်းမမေ့သေး။
*********************
အပိုင်း (၉) ဆက်ရန်………….
သရုပ်ဖော်ပုံ။။ မြို့တော်ပုသိမ်သတင်းစဉ်
4 comments:
  1. အပိုင်း ၁ ကနေ ၇ အထိ လိုက်ရှာဖတ်မှ
    ဇာတ်ရည်လည်တော့မယ် ညီမလေးရေ။ :)
    ReplyDelete
  2. ဟီး.....
    အားနာတယ်..ညီမလေးရဲ့ ရှားရှားပါးပါး အားပေးသူတွေကို
    စာအုပ်ထုတ်ဖြစ်တော့မှ လက်ဆောင်ပို့ပေးမယ်နော်
    (2020 လောက်များဖြစ်နေမလား...ထုတ်ဖြစ်မယ့်နေ့က) :D :D
    ReplyDelete
  3. ဖတ်ရတာ ညက်ညောလိုက်တာ
    အပိုင်း ( ၉ ) ကို စောင့်နေပါမယ့် ။
    ReplyDelete
  4. အဝေးပျံ ငှက် လေးကို အပိုင်း (၁) ကနေ (၈) ထိ ဆက်တိုက် ဖတ်လာလိုက်တယ်...။ ဘယ်နားမှ မနားခဲ့ ဘူး..။ အားပေး နေပါတယ်...။
    ReplyDelete