“အော့ ...”
ဆန်တက်လာတဲ့ရေနဲ့အတူ အာခေါင်မှာတစ်ဆို့နေတဲ့ ဆေးလုံးပြန်ပါသွားမှာကြောက်လို့ နှာခေါင်းကိုလက် နဲ့ ပိတ်မိတယ်။ မနှစ်မြို့စရာ ဆေးနံ့ကချက်ချင်းပျံ့လာတယ်။ နောက်ထပ် ရေတစ်ခွက်ကို ခပ်မြန်မြန်မော့ ချတော့မှ ဆေးလုံးက ရှောရှောရှုရှုကျဆင်းသွားတယ်။
ဘေစင်ရဲ့အောက်ခြေမှာ ခပ်ယိုင်ယိုင်ထိုင်ချရင်း ဒီလိုဖြစ်လာတိုင်း စိုစွတ်တဲ့မျက်ရည်စတွေကို ခပ်ကြမ်း ကြမ်းပွတ်ပစ်တယ်။ ပြီးတော့ အနည်းငယ်မောဟိုက်မှုကို အပန်းဖြေလို့။ ကျွန်မ ငိုတာမဟုတ်ဘူး။ သူ့ဘာ သာအော့အန်မလိုဖြစ်တိုင်း မျက်ဝန်းက မျက်ရည်စကစိုစွတ်လာတာ။ ဆေးသောက်ရုံနဲ့ ၀မ်းနည်းစရာ အကြောင်းမှ မရှိတာ။ ဘယ် လာ ငိုချင်ပါ့မလဲ။ အာရုံကြောတွေက ဆက်စပ်နေတာလား မသိဘူး။ အန်တဲ့ အခါတိုင်း မျက်ရည်ကျတယ်။
ကျွန်မ ဆေးလုံးတွေကိုကြောက်တယ်၊ ဆေးထိုးအပ်လည်း ကြောက်တယ်။ အများတကာတွေ ဆေးကို ဘယ်လိုလွယ်လွယ်ကူကူ သောက်ကြလဲမသိဘူး။ ဆေးလုံးတွေအများကြီးကို လျှောကနဲ လျှောကနဲလွယ် လင့်တကူ သောက်သွားကြတာများ..။ အဲသလို မြင်ကွင်းတွေမြင်ရရင် အရမ်းအားကျတယ်။တစ်ခါ ဆေးများ များသောက်ရမယ့် ကာလတုန်းက အဲသလို တခြားသူတွေပြုမူသလို ဆေး ငါးလုံး၊ ခြောက်လုံးကို ဟန်ပါပါ ပစ်သွင်းပြီး ရေတစ်ခွက်သောက်ကြည့်တယ်။ ဆေးလုံးတွေဟာ နှာခေါင်း နားတွေဆီကနေ ပြန်တက်၊ ရုန်း ကန်သွားကြသလိုပဲ.....အသက်ရှုမရဘဲမျက်လုံးပြူးသွားလို့ မနည်းပြန်အန် ထုတ်ရတယ်။ အဲဒီံကတည်း က ကျွန်မ မလုပ်ရဲတော့ဘူး။
ဆေးသောက်ခဲ့ရတဲ့ ကလတွေကိုပြန်တွေးကြည့်တော့ ဆေးသောက်တတ်အောင် သင်ပေးခဲ့တာ ကျွန်မ အဖေ.။ ကျွန်မ ငယ်စဉ် သိပ်အဖျားကြီးနေတုန်းက ဆေးကိုဘယ်လိုမှ မသောက်တတ်လို့ ဆေးလုံးကို ကျွန်မ အာခေါင်စပ်ထိ ထည့်ပေးခဲ့တာ။ အဲ့ နောက်ပိုင်း ဆေးသောက်တိုင်း အာခေါင်စပ်ထိထည့်တဲ့ အကျင့် က ရလာခဲ့တယ်။ လက်က အာခေါင်ကိုထိလို့ပဲ အော့ အန် တာလား။ ဆေးလုံးဝင်တာပဲ မဟုတ်လို့လား။ ဆေးသောက်တိုင်း ကျွန်မ ပြဿနာတက်ရတယ်။ ရောဂါဝေဒနာတစ်ခုကို သက်သာစေဖို့ သောက်ရတဲ့ ဆေးလုံးတွေအတွက် ကျွန်မ ထပ်ဝေဒနာမဖြစ်သင့်ဘူး။ ဒါပေမယ့် ဆေးသောက်တိုင်း ဒါတွေက ထပ် ထပ် ဖြစ်တယ်။ ဆေးဆိုမှတော့ အချိုမပါဘူး။ အခါးတွေ၊ ခါတရံ အခါးကို အုပ်ထားတဲ့ ပလတ်စတစ်စတွေ။
မဖြစ်ဖြစ်အောင် သောက်လိုက်ရတဲ့ ဆေးလုံးတွေကို ဝေဒနာလျော့ပါးသက်သာသွားတိုင်း ကျွန်မ ကျေးဇူး တင် မနေခဲ့ဘူး။ ကျွန်မ အိပ်ရာရဲ့ခေါင်းရင်းမှာ ချိတ်ဆွဲထားတဲ့ အိတ်တစ်လုံးရှိတယ်။ အဲဒီ့အိတ်တစ်လုံးထဲ မယ် ဆေးဝါးပေါင်းစုံ စုစည်းထားတယ်။ အမှတ်သညာမရှိလှတဲ့၊ ဆေးတွေကို မချစ်ခင်လှတဲ့ ကျွန်မ က ဒါတွေကို ဘာတွေရယ်လို့တောင် သေချာမမှတ်မိဘူး။ ဒါပေမယ့် ဝေဒနာတစ်ခုခုပြန်ပေါ်လာရင် အဲ့ ဆေးထုပ် ကို မုန်းတီးစွာဖြည်ရတယ်။ နောက် ခပ်ဝါးဝါးအသိဥာဏ်နဲ့ ဘယ်ဆေးသောက်ရမလဲဆိုတာ ကိုယ့်ဘာသာမှန်းဆရပြန်တယ်။ ဝေဒနာသက်တမ်းအချိန်ကြာလာတာနဲ့ အမျှ၊ သောက်ခဲ့ရတဲ့ဆေးတွေ များလာတာနဲ့အမျှ ဘာဖြစ်ရင် ဘာဆေးသောက်ရမယ်ဆိုတာတော့ ကျွန်မ ခပ်ရေးရေးသိလာခဲ့ပြီ။ ဒီ ရောဂါ ကတော့ဖြင့် ဆေးခန်းသွားစရာမလိုဘူး။ ဒီ ဝေဒနာကတော့ဖြင့် ဘယ်ဆေးသောက်ရမယ် စသဖြင့် ကျွန်မ မှန်းဆတတ်လာတယ်။
ကျွန်မတို့တွေ ပထမဦးဆုံးအကြိမ် ရောဂါဝေဒနာတစ်ခုဖြစ်တဲ့အခါမှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဆေးခန်း ပြေးမယ်။ ဆရာဝန်ညွှန်ကြားကုသတာကို ခံယူကြမယ်။ ဒါပေမယ့် ဒီလိုပုံစံတူဝေဒနာဖြစ်လာရင် ကိုယ့်ဘာသာ သောက်ဖူးတဲ့ ဆေးတွေပဲ ၀ယ်သောက်နေကြတာများပါတယ်။ တစ်နည်း ကိုယ့်ဘာသာ ကုသခြင်းပေါ့..။
ကျွန်မတို့တွေဟာ အဲသလို ဝေဒနာတစ်ခုဖြစ်ရင် သောက်ရမယ့်ဆေးတွေကို သိနေလို့ပဲ ဝေဒနာ လွယ် လွယ်ကူကူဖြစ်နေကြတာလား။ အနာသိရင် ဆေးရှိတာတော့မှန်တယ်။ ဒါပေမယ့် ဆေးရှိမှန်းသိနေလို့ အနာတွေ ထပ်ကာထပ်ကာအဖြစ်ခံနေကြတာလး မသိဘူး။
တစ်ခါတလေ အများတကာတွေ ဆေးလုံးတွေ လွယ်လင့်တကူသောက်ချတဲ့ မြင်ကွင်းတွေမြင်တိုင်း ကျွန်မ အားကျခဲ့ပါတယ်။ ကံစီမံရာအတိုင်း ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို တွန်းလှန်ချေပဖို့ ကုသရမယ့် ဆေး အမည်တွေကိုလည်း သိရဲ့။ ဘယ်လို ဘယ်ပုံသုံးစွဲရမယ်ဆိုတာလည်း သိရဲ့။ ဘယ်ရွေ့ဘယ်မျှ အချိုးအဆ ကိုလည်း သိရဲ့။ ခက်တာက အဲ့ဆေးလုံးတွေကို တစ်လုံးမြိုချသောက်သုံးဖို့တောင် ကျွန်မ ပင်ပန်းလေးလံ နေခဲ့တာကိုပါပဲ။ ဆေးတစ်ခါသောက်ပြီးတိုင်း ဆေးသောက်ရတဲ့ ဝေဒနာတစ်ခု ထပ် ထပ် တိုးပါတယ်။
အများတကာတွေ သက်တောင့်သက်သာ ဆေးသောက်နေကြတဲ့ မြင်ကွင်းတွေမြင်တိုင်း ကျွန်မ တကယ် ငေးမော မိပါတယ်။ ။
19.2.2013
PM:3:31
ဒီအက်ဆေးလေး ဖတ်ပြီး တစုံတခုကို ခဲခဲယဉ်းယဉ်း မျိုချလိုက်ရသလိုမျိုး မောပြီး ကျန်ခဲ့တယ်၊ ဝေဒနာ သက်သာဖို့ ဆေးသောက်ကာမှ သောက်တဲ့ဆေးအတွက် ဝေဒနာ ထပ်တိုးရတဲ့ အဖြစ်ကလည်း ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးကြောင့်လေး ဆိုသလိုပါပဲလား၊
ReplyDeleteကျနော်တို့ ပတ်ဝန်းကျင်မှာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဆေးသောက်နေကြတဲ့ အဖြစ်ရဲ့ အကျိုးဆက်အနေနဲ့ ဆေးပတ်မပြည့်လို့ ကြာလာတော့ ဆေးမတိုးတော့တဲ့ ဖြစ်ရပ်တွေ ကိုလည်း သတိရချင်စရာ...၊ ဆေးရှိမှန်းသိလို့ အနာတွေ ထပ်ကာထပ်ကာ အဖြစ်ခံနေကြ တာလားဆိုတဲ့ အတွေးလေးကိုလည်း ဆင့်ပွားတွေးမိ ပါတယ်၊ 'ဒါလေးများ ဘာမီတွန်သောက် ပျောက်..' ဆိုတဲ့ စကားလေးကိုတောင် သတိရမိသေးတော့..၊း)
ဖျားတဲ့နာတဲ့အခါ ပြင်ပက ဓာတုဆေးဝါး အကူအညီမပါဘဲ ကိုယ်တွင်းခုခံအား သက်သက်နဲ့ပဲ ပျောက်ကင်းနိုင်ရင် အကောင်းဆုံးဆိုတာ မှန်ပေမယ့် ကျနော်တို့တွေ မလွှဲသာမရှောင်သာဘဲ ဆေးတွေကို ကြိတ်မှိတ် မျိုချရချိန်တွေ ရှိနေဦးမှာပါပဲဗျာ...၊ ညီမလေးရဲ့ အက်ဆေးလေးက အာခေါင်ထဲနဲ့ နှာခေါင်းဝမှာ ဆေးနံ့တွေတောင် ရလာစေတဲ့ အထိပါပဲ...။း)
ဟီးဟီး......ခုရက်ပိုင်း ဆေးတွေပြန်သောက်နေရလို့ ရေးဖြစ်တဲ့ စာ
ReplyDeleteကိုညီ ဆေးနံ့တွေရသလို ညီမလေးလည်း ရတယ် :D
တစ်ခါတလေ ဘ၀မှာ ဝေဒနာတွေအဖြစ်ခံ၊ ပြီးတော့ ဆေးကြောင့် ပိုနာကျင်ရတာမျိုးတွေ ရှိတတ်တယ်နော် ကိုညီ။
အမှန်က အဲဒါလေးတွေပါ တွေးမိပေမယ့် ထပ်အကျယ်မရေးတော့ဘူး။
လောလောဆယ် သောက်ရတဲ့ ဆေးလုံးကြီးတွေကိုပဲ စိတ်နာနာနဲ့ ရေးတာ..။
ဂရုတစိုက် ခံစားနားလည်ပေးလို့ ကျေးဇူး အစ်ကိုညီ :) ။
အက်ဆေးလေးက အဓိပ္ပါယ်ရှိတယ် ။
ReplyDeleteအို....ကိုလွင်ပြင်..
ReplyDeleteကျေးဇူးပါရှင်...သတိတရရောက်လာပြီး...ဒီလိုကွန်မန့်လေးဖတ်ခွင့်ရလို့။
:) :)
ခန္ဓာကိုယ်နေမကောင်းတဲ့အခါ ဆေးလုံးတွေ ပိုက်ဆံပေးဝယ် သောက်မြိုလို့ရသလို...
ReplyDeleteစိတ်တွေ နာဖျားတဲ့အခါမှာလည်း လွယ်လင့်တကူ သက်သာရာရဆေးတွေကို ၀ယ်သောက်လို့ ရမယ်ဆိုရင် ကောင်းမယ်... အဲ့ဒီအခါမျိုးဆို ဆေးခါးကြီး ဖြစ်ပါစေဦး၊ မငြင်းပဲ သောက်ဖြစ်ဦးမှာ..
ညီမလေးက စိတ်တွေနာဖျားချိန်မှာ ပေးတဲ့ဆေးကိုတောင် မြိုချဖို့ခဲယဉ်းနေတာ မမရဲ့
ReplyDelete:) :) :)
ဆေးသောက်ရတာကိုတော့ မုန်းတီးတယ်။ ဆေးလုံးလေးတွေ ပါးစပ်ထဲမှာ ကျန်ခဲ့တာလဲ မုန်းတယ်။ ငယ်ငယ်တုန်းက အများကြီးသောက်ရတဲ့ အခါကျတော့ ၁လုံးချင်းဆီသောက်ကြည့်တယ်။ ဗိုက်ကို ပြည့်သွားတာဘဲ။ နောက်ပိုင်းစမ်းသောက်ကြည့်တယ်။ ၂လုံးက ၄လုံး သောက်ကြည့်တယ်။ တစ်ခါတစ်ခါတော့ နင်သလိုဖြစ်တယ်။ နောက်တော့လဲ အဆင်ပြေသွားတယ်။ ဘယ်တော့မှ ဆေးနဲ့ပြတ်တယ်ရယ်လို့မရှိဘူး။ အမြဲသောက်နေရတာဘဲ။ ဘယ်ဘဝက ဝဋ်ကြွေးမှန်းမသိဘူး။ :((
ReplyDeleteဘ၀တူတွေ ဖြစ်နေကြပြီပေါ့ လရိပ်ရယ် :))
ReplyDeleteဆေးသောက်နေရတုန်းပဲလား..
ReplyDeleteဘာပဲဖြစ်ဖြစ် ဘလော့ဘက်လှည့်ပါဦးတော်...
ကတည်း ၁နှစ်ကျော်နေပြီ...
ဖုန်လာသုတ်ပေးသွားပါတာ် ချစ်ညီမ..
ငင်.....မမ ဘလော့ဂ်မှာ update မတက်တာဖြစ်မယ် :D
ReplyDelete