Saturday, February 9, 2013
မိန်းမနှစ်ယောက်
အားပေးချင်စိတ်တစ်ခုနှင့် ဖတ်ရှုမိခဲ့သော စာအုပ်ကလေးတစ်အုပ်က ကျွန်မကိုရက်ပေါင်းများစွာ ခြောက်လှန့်နေလိမ့် မည် ဟု မထင်မှတ်မိခဲ့။ ဒါ စကားလုံးကွန့်မြူးမှုတွေပဲဟု မိမိဘာသာ အကြိမ်ကြိမ်သတိပေးလျှက်က စူးရှရှစာကြောင်းတွေက ကျွန်မရင်ကို တသဲ့သဲ့ တိုးတိုက်စေသည်။ 
 စကားပြောတွေနှင့် တစ်ပုဒ်လုံးသယ်သွားကာ အဖြစ်အပျက်တွေဆီ တစစတိုးဝှေ့ဖော်ပြသွားလေသော ၀တ္တု ကလေးနောက် ကျွန်မ မျောပါသွားခဲ့ရသည်။ အချို့နေရာတွင် သူမ ဖြစ်လိုက်၊ အချို့နေရာတွေတွင် ကျွန်မ ဖြစ်လိုက်။ ဆန်းသစ်လှပ သည့် စကားလုံးတွေအလယ်တွင် ကျွန်မ ကိုယ် ကျွန်မ ပြန်မြင်မိသည့်အခိုက် စာအုပ်ကို ခဏချကာ မျက်ဝန်းအစုံကို မှေးမှိတ်လျှက် ခပ်ကြာကြာငြိမ်သက်နေမိသည်။ ဆန္ဒမရှိပါလျှက် ရင်ညွန့်တစ်နေရာမှ စူးရှရှ။
 ကျွန်မ သည် ကိုယ်တိုင်တုပ်နှောင်ထားခဲ့သော ဘောင်ကျဉ်းကျဉ်းလေးမှပင် ဖြစ်ပါသည်။
'လူတွေ ပြောကြသလို အမေ့ဆီမှာ မွေးဖွားရှင်သန်ခဲ့မှုနဲ့ ကျွန်မက အပြစ်ရှိခဲံ့သူလား'
              ဒီစာကြောင်းလေးကို ဖတ်ရတော့ ' နင့်ကို မွေးမှ ငါတို့ စီးပွားပျက်တာ၊ နင့်အဖေ အလုပ်ပြုတ်တာ' အစချီတဲ့ လက်ညှိုး တစ်စုံကို ပြန်မြင်လာသည်။ မသိနားမလည်တဲ့ကလေးတစ်ယောက်ရဲ့ ရင်ထဲကို စိုက်ဝင်ခဲ့တဲ့ ဆူးတွေ။ ကိုယ့်ကိုကိုယ် ချစ်လွန်း သူတွေ အမေလုပ်ဖို့ သင့်တော်ပါရဲ့လား။ သူမ ရေးသားခဲ့သော စာကြောင်းတွေကို အလုံးစုံသိမြင်ချင်ယောင်ဆောင်နေတဲ့သူတွေက အပြစ်တင်ရှုံ့ချကောင်း ရှုံ့ချနိုင်မည်။ ကျွန်မ ကတော့ နားလည်စာနာခြင်းများနှီင့် တိတ်တဆိတ်သာ ငေးစိုက်ကြည့်နေမိသည်။
                  ကျွန်မ သေကြောင်းမကြံစည်ခဲ့ဖူးပါ။ ဘ၀အပေါ်မှာ မကျေနပ်ချက်တွေ များပြားနေသော အမေသာ သေကြောင်း ကြံစည်ဖူးသည်။ တစ်ကြိမ်ဟုထင်သည်။ ဆယ်နှစ်အရွယ်ကလေးတစ်ယောက်၏ အမှတ်သညာက နှစ်ပေါင်း ၂၀ ကြာသောအခါ   သေချာအမိ အရတော့ မဟတ်ုပါ။ ဆင်ပိန်ကျွဲဖြစ်သွားသည့် အိမ်ကြီး၏ တစ်ခုသောအခန်းကျယ်ကြီးအတွင်းမှ ကြိုးပုံသဏ္ဍန်   ဖြစ်အောင် တွယ်နှောင် ဆက်ငင် ထားသော စောင်များကိုတော့  မြင်နိုင်နေသေးသည်။
                  သူ့ခန္ဓာကိုယ်အလေးချိန်ကို ဖြစ်သလိုဆက်ထားသော စောင်များက ပြက်ရယ်ပြုကာ ချက်ချင်းနှယ်ပြေကျတော့   ထွေးပွေ့ ချော့မော့သော ဖခင်ကိုလည်း မှတ်မိနေသည်။ အသိဥာဏ်မဖွံ့ဖြိုးသေးသည့် ဆယ်နှစ်အရွယ်ကလေးမက စတိုခန်းထဲ မှာရှိသော ကြိုးလုံး ခွေကိုဘာလို့အသုံးမပြုပါလိမ့်ဟူသော သေစေလိုသော ဆန္ဒနှင့်မဟုတ်ဘဲရုတ်တရက်တွေးမိသော အတွေးက ဘ၀တလျှောက်လုံး ငရဲတွေပူလောင်ခဲ့သည်ထင်သည်။
           မလေးက ငါ့အမေမဖြစ်နိုင်ဘူး။ ခဏလေးပဲ မွေးစားထားတာ။ ငါ့အဖေနဲ့အမေက ဟိုးး အဝေးကြီးမှာ။ တစ်နေ့တော့ ငါ့ကို လာခေါ်မှာ..
            သူမ ရေးသားသော စာကြောင်းများကိုဖတ်အပြီး ဖေဖေက အဖေအရင်း၊ အမေက ငါ့အမေမဖြစ်နိုင်ဘူး။ တစ်နေ့ ၀တ္တုတွေထဲကလို အဖြစ်အပျက်တွေ ပြန်ပေဓလာမှာ ဟု ငယ်ရွယ်စဉ်တွေးခဲ့သည့်အတွေးများကို ယခုအခါရယ်ပွဲ့ဖွဲ့နိုင်ပြီ။ ကိုးနှစ် သမီးမှ ဆယ့်နှစ်နှစ်သမီးအထိ အိမ်သားတွေကို စကားဟဟမပြောခဲ့တာ။ အထူးသဖြင့် အမေနှင့် မျက်နှာချင်း မဆိုင်တော့ တာ။ ဖေဖေက ထာဝစဉ် ကျွန်မကို ချစ်ခင်ပေးခဲ့တာ။ ဒါတွေဟာ ဘယ်လိုမှားယွင်းမှုတွေပါလိမ့်။
            အမေမွေးစားခဲ့သည့် သားကြီး။ ကျွန်မတို့ရဲ့အစ်ကိုကြီး အိမ်သို့ခဏပြန်လာခိုက် ကျွန်မကိုထွေးပွေ့တော့ ခေါင်းခါငြင်းဆန် ကာ အစ်ကိုကို တစ်ချက်တွန်းမိသည့် လုပ်ရပ်အတွက် ကျွန်မပါးပြင်ပေါ်သို့ အမေ့လက်ဖ၀ါးများအဆက်မပြတ် ကျရောက်လာဖူး သည်။ ကျောခိုင်းထွက်ခွာသွားခဲ့သည့် အစ်ကိုက သူ့နှမဖြစ်အင်ကို မမြင်လိုက်တော့ပေမယ့် ကျွန်မရင်မှာတော့ ဆူးတွေ နက်သ ထက် နက်လာ ခဲ့သည်။ အားရအောင်ကန်ကျောက်ပြီးမှ ခပ်ညံ့ညံ့ရုပ်ရှင်တွေထဲကလို အမေ့ကို မမုန်းပါနဲ့ ဟု မျက်ရည်လည်ရွဲနှင့် စကားအလှတွေကို သရုပ်ဆောင်နေတာဟု စိတ်ပျက်လက်ပျက်ခံစားမိတာ ဆယ့်နှစ်နှစ်သမီးအရွယ်ဖြစ်ပါသည်။
            အစ်မ ၀တ်ဆင်ခဲ့ရသော ဘီးကုပ်ရောင်စုံလှလှလေးများ ကျွန်မနှင့် မည်သို့မှ မပတ်သတ်ပါ။ ကိုယ်နှင့်တိုင်းတာဝတ်ဆင် ရသော အ၀တ်အထည်လေးများ ကျွန်မနှင့် မည်သို့မှ မသက်ဆိုင်ပါ။ ကျွန်မ လက်ခံရရှိသည်မှာ အစ်မစွန့်ကြဲသော အသုံးအဆောင် အဟောင်းများ၊ အင်္ကျီများ၊ လွယ်အိတ်များ၊ ထီးများ၊ ရေဗူးများသာ ဖြစ်ပါသည်။ ပျိုရွယ်ချိန်ကို ပြောင်းလဲလာသည့် အစ်မအတွက် အမေ အလုပ်ရှုပ်ကာ နှစ်ယောက်သား တိုးကျိတ်ကျိတ်ဆိုနေကြချိန်တွင် ဆယ်နှစ်သမီးကျွန်မက ထိလိုက်တိုင်း နာကျင်နေသည့် ရင်သားကလေးများကို ထိတ်လန့်ကြောက်ရွံ့ရင်း အခန်းထောင့်မှာ ငိုကြွေးနေခဲ့ဖူးသည်။ ထိုအချိန်ကတော့ မိန်းမငယ်လေး တစ်ယောက်အတွက် ဟော်မုန်းပြောင်း လဲခြင်းဖြစ်သည့် ရင်သားများအကြောင်း ကျွန်မ တကယ့်ကို ဂဃနဏမသိခဲ့သလို ကျွန်မကို သင်ပြပြောကြားပေးမယ့်သူလည်း မရှိခဲ့ပါပေ။ ဆယ့်လေးနှစ်အရွယ် သမီးကြီး၏ ဓမ္မတာပန်းပွင့်သည်ကို စိုးရိမ်တကြီး ပြောကြား အနား မှာရှိနေရသော အမေသည် ဆယ်နှစ်အရွယ် သမီးငယ်၏ ဖြစ်ပျက်ပြောင်းလဲမှုကို မေ့လျော့နေသည်လား၊ အရေးမစိုက်သည် လား။ ဒါကတော့ အမေသာ သိနိုင်မည့် အကြောင်းအရာ များဖြစ်ပါသည်။
            ရေတွင်းမှ ရေငင်ချိုးရကာ ရေချိုးခန်းရယ် သတ်သတ်မှတ်မှတ်မရှိလှသော နယ်မြို့ကလေး၏ ထုံးစံငယ်စဉ်ကနှယ်   ဘောင်းဘီတိုလေး နှင့် ရေငင်ချိုးနေခဲ့သော ကျွန်မကို ပထမဆုံးသတိပြုမိသည်က အမေ မဟုတ်ဘဲ အစ်ကိုကြီးသာ   ဖြစ်နေခဲ့ သည်။ ဆပ်ပြာမစင်  သေးသော ကျွန်မကို ဆက်လက်မချိုးဖို့တားမြစ်လျှက် နားဝေတိမ်တောင်ဖြစ်နေသော ကျွန်မကို အတင်း ဆွဲပွေ့ ကာ အမေ့ထံ ခေါ်ဆောင် သွားတော့ အမေပြောလိုက်သည်မှာ တစ်ခွန်းတည်းပင်။ ဟုတ်လား..ရော့ နင့်အစ်မထမီတွေ နဲ့ချိုး.ပြီးရင် နင့်အစ်မ ရှင်မီး အင်္ကျီတွေ ယူဝတ် ။ ဘာအတွက်၊ ဘာကြောင့်ရယ် စကားကြီးငယ်မဆို၊ ရုတ်ဆွအဆုံး ကျွန်မကိုပင် အနည်းငယ်မှ မစမ်းသပ်ကြည့်ဘဲ နှင့် စကားပြော မပျက်သည်မှာ အမေ ဖြစ်ပါသည်။
            ထမီကို ရင်လျားပေးသည်က အစ်ကိုကြီး။ ရှင်မီးအင်္ကျီလေးတွေထုတ်ပေးကာ ကြယ်သီးလေးတွေတပ်၊ ပြီးမှ အပေါ်အင်္ကျီ ၀တ် ဟု သင်ကြားပေးသူမှာ အစ်ကိုကြီး။ သူသည်လည်း ယောကျာ်းသားပေမို့ ဒါ့အပြင် မပြောတတ်၊ မသွန်သင်နိုင်ခဲ့ရှာပါ။ ထိုအဖြစ်အပျက်တွေ ကြောင့် ကွဲကွာသွားခဲ့ပြီဖြစ်သော အစ်ကိုဖြစ်သူကို တမ်းတရင်း ယနေ့တိုင် ကျွန်မ အစ်ကို ရူး ရူးနေခဲ့ပါသည်။
            အနည်းငယ်ဝသော အစ်မခန္ဓာကိုယ်နှင့် တိုင်းချုပ်ထားသော ရှင်မီးအင်္ကျီလေးတွေက ကျွန်မအတွက် လိုအပ်သည်ထက် ပိုချောင်နေခဲ့သည်။ ထိုသို့ပြောင်းလဲချိန်တွင် ရင်သားကိုကွက်တိ စည်းနှောင်ပေးရမည် လား။ အနည်းငယ်ချောင်ချိပေးရမည်လား။ မည်သို့သော ဖျင်သားမျိုးကို ရွေးချယ်ပေးရမည်လဲ။ ကျွန်မ ယနေ့တိုင် မသိခဲ့ပါပေ။ ကျွန်မ ၀တ်ဆင်ခဲ့ရသည်မှာ ကျွန်မ အတွက် ပွလွန်း ချောင်လွန်းသော ရှင်မီးအပေါ်မှ ကိုယ်တိုင်းမဟုတ်သော အင်္ကျီများသာ ဖြစ်ရာ နဂိုမရှိ၍ နဂိုင်းမထွက်သည်လား၊ ကျွန်မ ခန္ဓာကိုယ် ယခုထိ အချိုးမကျပါ။ သေချာသည်က သမီးမိန်းကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အရည်အချင်း ကျွန်မမှာ ရှိမနေမှာပင်။
            တစ်အိမ်သားလုံးနှင့် ဆန့်ကျင်ဘက် အသားမည်းမည်းကျွန်မကို မွေးစားတာဟု အများကပြောကြ တိုင်း ယုံချင်နေမိတာ သူမကို ပြောပြချင်ပါသည်။ သူမ ရေးသားခဲ့သော စာကြောင်းများကို နားလည်နေနိုင်ခဲ့ တာ ထပ်တူကိုယ်ချင်းစာတရားကြောင့်ဟု ဆိုလျှင် သူမလက်ခံနိုင်ပါလိမ့်မည်။
            သူမကတော့ စိတ်ကျခြင်းတဲ့။ ဒါတွေကို ကုစားဖို့ စိတ်ပညာရှင်နဲ့ တိုင်ပင်နှီးနှောကာ အမေနဲ့ အဆင်ပြေ ဖို့ နည်းလမ်း ရှာသတဲ့။ ကျွန်မကတော့ ကျွန်မ ကိုယ် ကျွန်မ စိတ်ကျတယ်လို့ တယ်လက်မခံချင်။ ရူးနေသူက ရူးတယ်လို့ ၀န်မခံချင်တဲ့ အဖြစ် သနစ်လိုပဲလား။ စိတ်ပညာရှင်နှင့် ဆွေးနွေးစရာမလိုဘဲ အမေနှင့် သင့်တင့်အောင် ကျွန်မ နေတတ်ပါသည်။
            ၁၆ နှစ်သမီးမှစ၍ အိမ်တာဝန်ထမ်းကာ အလုပ်သာဇယ်ဆက်သလို လုပ်ခဲ့သော ကျွန်မကို အမေက ဆက်ဆံမှု ပြောင်းလဲ လာခဲ့ပြီ။ အငယ်လေးက အိမ်ကိုရှာကျွေးနေတဲ့သမီးဟု ကျူးရင့်တတ်လာသည်။ သို့တိုင် မုန့်ခွဲဝေလျှင်တောင် အကြီးကို သူ့ဘက် ဆွဲယူ တတ်သော အမေ့အတ္တက  ဖျောက်ဖျက်မရစွာ   ပေါ်လာ နေသေး သည်မို့  ထို ထို တို့ကို လျစ်လျူရှုပေး တတ်သောအသိ ကျွန်မ ရှိနေခဲ့ပါသည်။ အမေ မကြာခဏပစ်ချသော နေကြာစေ့ခွံများ၊ အမှိုက်များ၊ မလျှော်ဖွပ်သော တိုးလို့တွဲလောင်း အ၀တ်များ ၊ ဖြစ် သလို   ဖြန့်ကျဲထားသော စာအုပ်များအတွက် စိတ်မသက်သာရာဖြစ်မှုကို ဖုံးဖိရန် အမျိုးသမီးငယ် တစ်ယောက်ကို အငှားခေါ်ပေး၍ အရာ အားလုံးကို လိုက်လံရှင်းလင်းစေကာ အိမ် ဟူသော နာမ်တစ်ခုကို သာယာသောနာမ၀ိသေသနတစ်ခုတိုးဖို့ ကျွန်မ ကြိုးစားခဲ့ ပါ သည်။ လူငှားရခြင်းလခ၊ အိမ်စားရိတ် တို့အတွက် ကျွန်မ အလုပ်ချိန်တွေက တစ်နေ့ကို ၁၈ နာရီခန့်တွေဖြစ်လာခဲ့သည်။
            ည ၁၁ နာရီဖြစ်ကာနီးမှ ဈေးသိမ်း၍ ပြန်လာရသော ကျွန်မကို အိမ်မှ ကြိုဆိုသူမရှိခဲ့ပါ။ မကြာခဏ ထမင်းကုန်လေ့ရှိတာ ကြုံတွေ့ဖူးသည်မို့ ဈေးမှဝယ်လာသော အထုပ်ငယ်တွေကို ဖြေကာ စားသောက်နေရ   သော ကျွန်မ အနားသို့ မည်သူတစ်စုံ တစ်ဦး တစ်ယောက်မှ ရောက်ရှိမလာပါပေ။ ဒါတွေအတွက် ထုံပေပေ ခံစားရင်း အိမ်စားရိတ်တွေ အမေ့လက်ထဲထည့်ကာ၊ သူကြိုက်တတ် မက်မောတတ်သော မုန့်များ၊ အသုံး အဆောင်ပစ္စည်းများ မကြာမကြာ ၀ယ်လာပေးရုံနှင့် ကျွန်မ တို့ ဆက်ဆံရေးပြေလည်နိုင်ပါ သည်။ ဘာကိုမှ မမျှော်လင့်တတ်တော့သည့် စိတ်အခြေအနေသည် အမေ့ကြောင့် ကျွန်မမှာ ဇြစ်တည်ခဲ့သည်ထင်သည်။
            မေတ္တာမရခဲ့သည့် သူမက ဘ၀ရပ်တည်မှုအတွက် စားစရာ၊ ၀တ်စရာ၊ နေစရာတွေသာမက ပညာ ဆည်းပူးခွင့်ပါ ရရှိခဲ့ သည်ဟု ဖတ်ရှုရသည့်အခါ သူမကို ကျွန်မပြောပြချင်သည်။ ဆယ်တန်းတစ်နှစ်တာလုံး အပိုချိန်တွေတက်ရတဲ့ ကျွန်မကို အိမ်မှ ထမင်းဘူးလိုက်ပို့သူ တစ်စုံတစ်ဦးမှ မရှိခဲ့တာ၊ သူငယ်ချင်းတွေ၏ တစ်ယောက်တစ်ဇွန်း ထမင်းပန်းကန်နှင့် ကျောင်းတက် ခဲ့ရတာ၊ စာအုပ်စာတမ်းတွေ ဆရာမက ၀ယ်ပေးခဲ့ တာ၊ ကျောင်းအင်္ကျီဆိုတာ နှစ်စုံပဲရှိခဲ့တာ (ဒါတောင် အစ်မ အကျတွေဆိုတာ ပြောဖို့ တောင် လိုမည် မထင် ပါ)။ အဖေက ကျွန်မကို ချစ်ပေမယ့် အေးဆေးငြိမ်သက်သူသာ ဖြစ်ရာ မပြည့်စုံတာတွေ မြင်သော်လည်း သူမှ မရှာနိုင်ဘဲဟု ခပ်မဆိတ်နေတတ်သူပင်။ ကျွန်မ အပြစ်တင်ရန်မှာ ရှေးဘ၀က ပါလာခဲ့လေဟန် တူသော အကုသိုလ်အကျိုးဆက် သာ ဖြစ်ပါသည်။
            ဆယ်တန်းဖြေပြီးပြီးချင်း အဒေါ်ဖြစ်သူတာဝန်ကျရာ ရွာသို့လိုက်ကာ အိမ်ဖော်တစ်ယောက်နှယ် သုံးလနီးပါးလုပ်ကိုင် ပေးခြင်းရည်ရွယ်ချက်က အောင်စာရင်းထွက်လျှင် ပြုလုပ်မြဲဆရာကန်တော့ပွဲအတွက် အလှူငွေထည့်ရန်သာဖြစ်ပါသည်။ ဥာဏ်ပညာတစ်ခုအကောင်းဘက်ပါလာသေးသည့် ကျွန်မသည်   အောင်စာရင်း မထွက်ခင် အဖြေကိုကြိုသိပြီးသား ဖြစ်နေသလို ဂုဏ်ထူးအရေအတွက်အလိုက်ထည့်ရမည့် အလှူငွေပမာဏလည်းသိနေခဲ့ပေရာ မေးခွန်းတစ်ခုအတွက် အဖြေကို ခပ်မြန်မြန် ဖြေရှင်းခဲ့တာပင်။ ဒါတွေ အတွက် မည်သူတစ်ဦးတစ်ယောက်ကမှ အရေးတယူမရှိခဲ့သလို၊ ထွက်ရှိလာသည့် အမှတ်စာရင်းနှင့်   လျော်ညီစွာ မတက်ရောက်နိုင်ခဲ့သည့် တက္ကသိုလ်အတွက်လည်း မည်သူကမှ စိတ်မကောင်းဖြစ်ခြင်း မရှိခဲ့ကြပါ။
            ဗိသုကာဟူသည့် အမည်နာမကို တပ်ဆင်ခွင့်ရသည့် သူမကို ကိုယ်မတက်ရောက်နိုင်ပါလျှက် ၀င်ခွင့်စာမေးပွဲတွေ ၀င်ဖြေကာ ကျလာသည့်မေဂျာကလေး၏ အမည်နာမကို မျက်ရည်ဝဲပျော်ရွှင်ခဲ့ဖူးသည့် မိန်းမငယ်တစ်ယောက်အကြောင်း ပြောပြ ချင်ပါသည်။ ကြိုးစားခွင့်ရှိသည့် အဆုံးစွန်အထိ ကျွန်မ ကြိုးစား ခဲ့ဖူးသည်။ ၀င်ခွင့်အောင်တယ်၊ အမှတ်မီတယ်၊ ငါမတက် နိုင်လို့ မတက်တာ ဟု ကိုယ့်ကိုကိုယ် မာန်တင်း အားသွင်းခဲ့ကာ အဝေးသင်ဟူသည်ကိုတောင် ပင်ပင်ပန်းပန်းလှမ်းဆုပ်ခဲ့ရသည့် မိန်းမငယ် တစ်ယောက်ကို သူမသိစေချင်ပါသည်။
            သို့ဆိုလျှင် သူမ ဝေဒနာများလျော့ပါးလေမည်လား။ ကျွန်မ ချပြချက်က အသုံးမ၀င်သော ခပ်ညံ့ညံ့ အကြောင်းအရာတွေများ ဖြစ်လေမလား။ အမှန်တော့ရင်တွင်းလှိုက်ဟာမှုတွေကိုလှမ်းမြင်နေရသည် မို့ လျော့ပါးသက်သာစေလိုသောဆန္ဒဖြင့် ကျွန်မဘ၀ကိုထိုးကျွေးမိခြင်းသက်သက်ရယ်ပင်။ ဘ၀၊ ရုပ်ရည်၊   မေတ္တာ လှပခြင်းမရှိခဲ့သော ကျွန်မသည် ကိုယ့်ကို ချစ်သည်ပြော သော ချစ်သူတစ်ယောက်ကို ရခဲ့ သည် တွင် လေဟာနယ်တွင်း လျှောက်လှမ်းနေရသူလို မျှော်လင့်ချက်တွေဖြင့် တောက်ပကာ ကျေနပ်ပျော်ရွှင်ခဲ့ရဖူးသည်။ ထိုသူက ငွေကြေးပြဿနာဝန်တွေကို ကျွန်မ အပေါ်ပစ်တင်ပြီး ဒဿနတွေ၊ ဇင်တွေ ရေရွတ်လျှက် ထွက်ခွာ သွားပြန်တော့ နောက်တစ်ကြိမ်ပြိုလဲကာ အားအင်မဲ့ခဲ့ရပြန်သည်။
            ဘ၀မှာ ဘာကြောင့် အသက်ရှင်နေမှန်းမသိတော့ဘူး။ ဘာအတွက် လူဖြစ်နေတာလဲဆိုတာ နားမ လည်နိုင် ခဲ့ပါဘူး
            နှလုံးသားမှ မရှိတော့ဘဲ၊ သူငယ်ချင်းတွေ စွန့်ခွာသွားလည်း မာရေကျောရေမျက်နှာပေးနဲ့မထီမဲ့   မြင်လုပ်နေခဲ့။ ဒါပေမယ့် တစ်သက်စာ အထိနာခဲ့ပြီး ခြောက်သွေ့အိပ်မက်တွေနဲ့ စိတ္တဇရောဂါစွဲခဲ့ပြီ
            ကြိုးစားခွင့်မရဘဲ ပျက်ပြယ်သွားခဲ့တဲ့ ဆုတောင်းနဲ့ကြေကွဲခြင်းတွေ
            သူမ စာကြောင်းများက ကျွန်မနှင့်ထပ်တူ အချိုးကျနေသည်လား။ သို့ပေမယ့် ကျွန်မကတော့   ဖေးမဖူးသည့် သူငယ်ချင်းတွေနှင့် သင့်တင့်အောင်နေတတ်ခဲ့သည်။ ရှစ်တန်းကျောင်းသူအရွယ် ပျိုရွယ် သည့်အချိန်ကို ကူးပြောင်းသည့်ကာလမှာ ကူညီပြသပေးခဲ့သည့် သူငယ်ချင်းမကို ယနေ့တိုင်မှတ်မိနေဆဲ။ ကြားဖူးနားဝရှိထားသော်လည်း လက်တွေ့ကြုံကြိုက်ရသည့်အခါ ထိတ်လန့်ကြောက်ရွံလျှက် ငိုယိုနေသော ကျွန်မကို အမေတုံ့ပြန်ခဲ့သည်က ဒါ ငိုစရာလား၊ မင်းသမီးမ၊ ရေချိုးသန့်ရှင်းစမ်း ဟု ခပ်ဆတ်ဆတ်ပြောကာ ထွက်ခွာသွားခဲ့သည်ပင်။ ကြောက်ရွံစွာရေချိုးပြီး ကျောင်းသို့ထွက်ခွာခဲ့လေမှ စောလျင်စွာအတွေ့အကြုံရှိပြီး နှင့် သည့် သူငယ်ချင်းမက သူပါ ခွင့်ယူကာ ကျွန်မကို သူ့အိမ်ခေါ်သွားခဲ့သည်။ အမေ မဟုတ်သော ကိုယ့် ထက် တစ်နှစ်ခန့်ကြီးသည့် သူငယ်ချင်းမ၏ သွန်သင်ပြသမှုနှင့် ပျိုရွယ်သည့်ပြောင်းလဲမှုကို ကျွန်မ ဖြတ်သန်း ခဲ့ရပါသည်။ ယခုတော့ ထိုသူငယ်ချင်းမက အောင်မြင်သည့် အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေ ခဲ့ပြီ။ ကျွန်မ သာ လှုပ်လိုက်၊ မြှပ်လိုက် လောကဓံမှာ ကူးခတ်နေဆဲ။
            သိမ်းဆည်းထားခဲ့ပြီဖြစ်သော အလွှာများကို တစ်ရစ်ချင်း ခွာချမိတိုင်း ယနေ့နှယ်ပင် ပူနွေးနာကျင် ဆဲဆိုတာ သူမကို ပြောပြချင်ပါသည်။ သူမ ကို ဆွေးနွေးသူက ညွှန်ကြားထားချက်များကို လိုက်လံဖတ်ရှု မျဉ်းသားကာ ကိုယ်ပါဝင်အကုခံ ကြည့်သည့် အကြောင်း သူမကို ပြောပြချင်သည်။ သို့ပေမယ့် ကျွန်မက   လောကဓံကို ရှုမြင်သူရယ်။ မိတ်ဆွေသူငယ်ချင်းများနှင့် ချစ်ခင်ရင်းနှီးစွာ နေနိုင်ခဲ့သလို နာကျင်မှုတွေကို ရယ်ပွဲ့ဖွဲ့တတ်သော စိတ်ကိုလည်း ပြုပြင်ယူထားခဲ့ပါသည်။ အိမ်သို့ ခေတ္တပြန်ချိန် ကျွန်မ ရေးသားထားသည် များပါဝင်သည့် မဂ္ဂဇင်း များ၊ စာအုပ်စာတမ်းများ ဖျက်ဆီးထားခြင်းကိုလည်း သူတို့ဆိုသလို ကြွက်တွေပေါ၍ ဟု အသာ အယာပင်လက်ခံနိုင်ခဲ့ပြီ။ လက်ရေးမူပင် မရှိတော့သည့် စာမူများအတွက် နှမြောမိသော်လည်း ၀မ်းနည်းကြေကွဲခြင်း မရှိတော့ သည်မှာ ထုံပေသွားသော စိတ်ပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်နိုင်ပါသည်။ ခရီးဆောင်အိတ်တစ်လုံးနှင့် ပိတ်ရက်ပြန်လာသော ကျွန်မအတွက် အိမ်သည် သူစိမ်းပြင်ပြင်။
            သို့ပေမယ့် စိတ်ကိုလှည့်စားကာ အိမ်လွမ်းသူတွေအကြောင်း ၀င်ရောက်ဆွေးနွေးရင်း အိမ်ပြန်ချိန် ကို ပျော်ရွှင်ပြမိတာ ကျွန်မ စိတ္တဇပေလား။ လူအထင်သေးမခံလိုသော အငုံ့စိတ်ပေ ပဲလား။ သေချာတာ က ဆွေးနွေးသူနှင့် စကားပြောကြည့်လျှင် အမည် တပ်၍ရသော ရောဂါတစ်စုံ တစ်ရာတော့ ပေါ်ပေါက်လာ မှာပင်။ ကျွန်မသည် မရှိတာကို ရှိတာဖြစ်အောင် လုပ်ကြံတတ်သော ယုံမှား သံသယစိတ်ဝေဒနာပိုင်ရှင်ပေပဲ လား။
            သေလည်း ဘာမှမထူးဘူး ဟု မကြာခဏရေရွတ်တတ်သော်လည်း အမည်တပ်၍ မရသော ရောဂါ   ဝေဒနာများ ပေါ်ပေါက် လာချိန်မှာ ကြောက်ရွံ့အားငယ်တတ်တာ ၀န်ခံလိုပါသည်။ လူဆိုတာ မွေးကတည်း က တစ်ယောက်တည်းပဲ ဟု ကျူးရင့်တတ် သော်လည်း အားကိုးချစ်ခင်ရာ သံယောဇဉ်ကြိုးများကို သိမ်ငယ် စွာဆွဲထားမိချင်သည်ကိုလည်း ၀န်ခံလိုပါသည်။ ကျွန်မ ဘ၀အလုံးစုံ ကို ဖွင့်ချလိုက်လျှင် အထင်သေး စက်ဆုပ်ကာ ရှောင်ခွာသွားကြလေမလား။ အလကားနေ စိတ်ဓာတ်ကျ ၀မ်းနည်းနေတာပဲဟု စိတ်ပျက် စွန့်ခွာ သွားကြတော့လေမလား၊ စာပေတွေရေးသားနေသည့် လွတ်လပ်ပေါ့ပါးညီမငယ်လေး အမည်နာမ   ပျောက်ကာ စိတ်ကျဝေဒနာရှင်၊ ဘာမှမရှိအောင် စုတ်ပြတ်နုံချာသူအဖြစ် ၀ိုင်းဝန်းကြဉ်ကြတော့မည်လား။ ဟုတ်ကဲ့ကျွန်မသည်လည်း ကိုယ့် သိမ်ငယ်မှုကို ကိုယ် ပြန်မြုံရင်း လိမ်လည်လှည့်ဖျားသူတစ်ယောက်   ဖြစ်နေပြန်ပါသေးသည်။
                   ကျွန်မ ရိုးသားစွာကြိုးစားကြည့်ချင်သေးသည်။ ချစ်ခင်ရင်းနှီးသူများနှင့် လွတ်လပ်ပေါ့ပါး စွာ မြတ်နိုး   သောစာပေတွေ ရေးသားလျှက် ပျော်ရွှင်နေချင်သေးသည်။ ကွဲကွာသွားသော အစ်ကိုအစား ခိုင်မာစွာ သံယောဇဉ်တွယ်ခဲ့ရပြီဖြစ်သော အစ်ကိုတွေ၏ ဂရုစိုက်မှု၊ အကြင်နာ၊ မေတ္တာတွေနှင့် ကျွန်မ ကြည်နူးချင်   သေး သည်။ ညအိပ်ရာဝင်ခါနီးတိုင်း Good Night ဟုနှုတ်ဆက်ခွင့်ရလျှက် Take care little sis ဟုသော Message လေးတွေ ဖတ်ပါသေးသည်။ ရေးဖော်ရောင်းရင်းများနှင့် စာအကြောင်း၊   ပေအကြောင်း စိတ် ၀င် တစား ပြောချင်သေးသည်။ ငွေတွေအများကြီး ရှာဖွေလျှက် မပြန်ချင်တော့သော အိမ်သို့လည်း ထောက်ပံ့ ချင်ပါသေးသည်။
            ဘ၀သည် ကျွန်မအတွက် မည်သည့် Chance များပေးအပ်ဦးမည်လဲ။ ဒါတွေ ရေးပြလိုက်ရင်းရဲ့ ရရှိလာမယ့် အကျိုးဆက် ကိုကော ကျွန်လက်ခံနိုင်ရဲရဲ့လား။ neglect, ignore ဆိုတာကို ကြောက်ရွံ့မိသော ကျွန်မအတွက် လူအများ၏ ရှောင်ဖယ်ခြင်းကို ကော ခံနိုင်ရည်ရှိနိုင်ပါရဲ့လား။ ကိုယ့်အဖြစ်အပျက်တွေ အများကြီးသိတဲ့အခါ အထင်သေးစက်ဆုပ်ဖို့အကြောင်း တရားတွေ ပိုမိုရှိ လာနိုင်သလို၊ နှိမ့်ချခြင်းတွေလည်း ရှိလာနိုင်သတဲ့။ ဒါတွေကို ကျွန်မ ဘယ်လိုတောင့်ခံမည်လဲ။
            သူမ ၀တ္တုရဲ့ အဆုံးသတ်ကတော့ ချုပ်ငြိမ်းခြင်းနှင့် ပြီးပြတ်သွားခဲ့ပြီ။ ၀တ္တုစာအုပ်ကလေးနှင့်   ရေးလက်စစာကြောင်းများ အလယ်မှာ ကျွန်မ ငိုင်တွေတွေ။ မြုံနေသောအနာ ကိုတော့ ဖောက်ထုတ်မိ လိုက်ပြီ။ ကျွန်မ မှာ ဆွေးနွေးသူမရှိ။ နားထောင်မယ့် သူမရှိ။
           သူမ ကို ဖျက်ကနဲလှမ်းကြည့်မိသည့်အခိုက် ကျွန်မ ရုပ်သွင်ဖြစ်နေသည်ကို ထိတ်လန့်စွာ သိမြင်လိုက် ရသည်။
  13.1.201
AM;125
REF ; မယ့်ကိုး၏ အသင်နားမလည်နိုင်သောမိန်းမတစ်ယောက်
14 comments:
  1. ညီမလေးသူသူ... ဖတ်ပြီးတော့ စိတ်မကောင်းဘူး..၊ ဘာကိုမှ မဝေဖန်ချင်ပေမယ့် ဒီလို အဖြစ်အပျက်တွေရဲ့ သက်ရောက်မှုကိုပဲ တွေးနေမိတယ်၊
    ဘဝတစ်ခုကို တည်ဆောက်ယူကြတဲ့ အခါ အစစ အရာရာ အဆင်သင့်၊ ချောမွေ့စွာ တည်ဆောက်ရသူ တွေထက် အဖျက်အဆီး၊ အတွန်းအတိုက်တွေ ကြားကနေ ကုတ်ကပ် ရုန်းထလာခဲ့ရသူက ပိုပြီး နာကျင်ပင်ပန်းရတယ် ဆိုတာ အသေအချာပါ၊ ထို့အတူပဲ လာရာကို ကောင်းကောင်းသိထားသူ အဖို့ လားရာကို အရှိန်အဟုန်နဲ့ ဆက်သွားဖို့ လိုပါတယ်၊ ကြုံခဲ့ရတဲ့ လောကဓံကို အဲဒီ ခရီးလမ်းမှာ လောင်စာအဖြစ်နဲ့ အသုံးချပါ၊ မှောင်မိုက်မှုတွေကို ကြုံတိုင်း အဲဒီ လောင်စာတွေကို ထွန်းညှိပြီး လင်းထိန် စေလိုက်ပါ၊ ညီမလေးရဲ့ ကြိုးစားခဲ့မှုတွေအတွက် ချစ်ခင်သူတွေနဲ့အတူ လောကတစ်ခုဟာ အရှေ့မှာ အသေအချာကို စောင့်နေပါတယ်..။
    ReplyDelete
  2. နားလည်စွာနဲ့ ဖတ်ရှုခံစားပေးသွားတယ်...
    ကိုညီပြောခဲ့သလိုပဲ ကိုဏီလည်း ထပ်တူပါပဲ...
    ခင်မင်ခြင်းအားဖြင့်...
    ဏီလင်းညို
    ReplyDelete
  3. စာရေးကောင်းတယ်ဆိုတာထက်
    စာဖတ်သူရင်ကို ကိုင်လှုပ်ပစ်လိုက်နိုင်တယ်လို့
    ကျွန်တော် မြင်လိုက်ရတယ်။
    အထိအရှဟာ စကားလုံးတွေနဲ့အတူ
    လွတ်မြောက်ပြီး၊
    ရင်ထဲမှာ ပေါ့ပါးနိုင်ပါစေ ညီမလေး။
    ReplyDelete
  4. ချစ်ခင်ရတဲ့ အစ်ကိုသုံးယောက်လုံရဲ့ နားလည်ပေးမှု၊ စာနာပေးမှုအတွက် မျက်ရည်လည်မိပါတယ်။
    ဒီပို့စ်လေးမှာ အဲသလို စာသားလေးတွေ ဖတ်ခွင့်မရဘူးထင်ခဲ့တာ အမှန်ပါ။
    အရမ်းးးကျေးးဇူးးတင်ပါတယ်။
    ReplyDelete
  5. မမ သူသူ စာလုံးတိုင်းက ရင်ကိုလာလာ ထိလို့  အတော်လေး ခံစားလိုက်ရတယ်...မမ သူသူေ၇ှ့ လျှောက် အောင်မြင်ပျော်ရွှင်နိုင်ပါစေ...
    ReplyDelete
  6. ကျေးးဇူးးပါ ညီမငယ်လေး :)
    ReplyDelete
  7. အဲဒီခံစားမှု့တွေအားလုံးဟာ
    မသူ လျှောက်မည့်ခရီးတွေအတွက် ထီး ကောင်းတစ်လက် ဖြစ်လာပါလိမ့်မယ်
    ဓါးကောင်းတစ်လက်လည်း ဖြစ်လာပါလိမ့်မယ် အားကောင်းတစ်ချက်လည်း ဖြစ်လာပါလိမ့်မယ်
    ကြိုးစားပါ ဘ၀ ဆိုတာ ဓါးသွားနဲ့ ကျောက်ပြား လိုပါဘဲ အထိတတ်ရင် ထက် လာပါလိမ့်မယ်။
    ReplyDelete
  8. ကျေးဇူးပါ အကို :))
    ReplyDelete
  9. စာဖက်ပြီး မျက်ရည်ကျမိတယ်..။ တစ်ချို့ အတိတ်တွေကို မေ့ ပြီး၊ ထားခဲ့ လိုက်ရင် သက်သာမယ်လေ နော်..။ တစ်ကယ်ပဲ ထီးကောင်းတစ်လက် ဖြစ်လာမှာပါ..။ အားပေးနေမယ်နော်..။
    ReplyDelete
    Replies
    1. အားပေးတာ ကျေးဇူးပါ သွင် :)
      Delete
  10. အမ .... ဖတ်ပြီးရင်ထဲနင့်သွားတယ်။
    တစ်ဆို့ ဆို့ ကြီး.. :(
    အားတင်းထားပါ အမ။
    ခင်မင်စွာဖြင့်
    ရင်ငြိမ်း
    ReplyDelete
    Replies
    1. ကျေးဇူးပါ ညီမ..။
      ရင်ငြိမ်းတောင် ပျောက်နေတယ်နော်..။
      Delete