Tuesday, September 2, 2014

အရောင်မဲ့တိမ်တိုက်


အပြင်ဘက်ဆီမှာ မိုးတွေညို့နေတာ မြင်ရသည်။ လွန်မဆွဲခဲ့သော်ငြား သူမ အရပ်မှာ မိုးသည် သည်းထန်တော့မည့်ဟန်ပြင်သည်။ နားခိုစရာ ရှာချင်စိတ်မဲ့စွာ အခါကာလကိုသာ မမှိတ်မသုန် စိုက်ကြည့်မိ သည်။
မိုးကား ရွာလေပြီ။

******
သည်နေရာကိုရောက်လာခဲ့ပြန်ပြီ။ မြေသည် ထိုစဉ်အခါကနင်းခဲ့စဉ်လို စွတ်စို၍နေသည်။ မြစ် ကမ်းဘေးက အုပ်မိုးနေသော အပင်တို့သည်လည်း ယခင်ကနှယ် လေအသဲ့ဝယ် ယိမ်းနွဲ့လျက်ဆီးကြို  သည်။ မြစ်ရေသည် အခါများစွာကလို တသွင်သွင်စီးမြဲပင်။ ထိုင်ခဲ့ဖူးသောနေရာမှာ အသာအယာထိုင်မိ သည်။ သည်နေရာကနေ ဟိုးအဝေးက တောင်တန်းတွေကို ငေးကြည့်စဉ်မှာပေါ့..။
မှိုင်းပျပျတောင်တန်းတွေကို သူမ ချစ်သည်။ မြူထူတွေရစ်ဆိုင်းနေသော တောင်တန်းတွေကို ငေး ကြည့်ရင်း သည်အရာတွေက သူမကို ၀န်းရံထားပေးသလို ခံစားမိသည်။ တကယ်တော့ တောင်တန်း တို့သည် သူမနေရာနှင့် လွန်စွာဝေးကွာလွန်းသောနေရာမှာ ရှိကြသည်ပင်။ အမြင်မှာ နီးကပ်သလိုရှိ လှသော ထိုတောင်တန်းတို့အချင်းချင်းသည်ပင် ထိစပ်နေခြင်းမရှိလှ..။ ကီလိုပေါင်းများစွာ ကွာခြားလျက် တစ်နေရာစီ ရှိကြသည်သာ။ သို့ပေမယ့် သူမ ထိုင်နေကျနေရာလေးမှ လှမ်းမျှော်ကြည့်လိုက်လျင်တော့   တောင်တန်းပတ်ပတ်လည်သည် သူမအနီးမှာ လွန်စွာနီးကပ်လျက် ၀န်းရံနေသလို ခံစားမိရလေသည်။ မိုးသောက်အခါ ဖြစ်စေ၊ နေ့အလင်းရောင်ကောင်းစွာရသောအချိန်ဖြစ်စေ တောင်တန်းတို့သည် အစဉ်ဝန်း ရံနေလျက်ပင်။
တောင်တန်းတွေက စတင်စကားပြောချိန်သည် သူမ ငိုကြွေးနေချိန်ဖြစ်သည်။ ညင်သာသာ တိုက် ခတ်နေသော လေတိုးသံမှတစ်ပါး တိတ်ဆိတ်သောနေရာတွင် ခေါ်သံတစ်ခုကို စတင်ကြားရစဉ်က သူမ ဇဝေဇဝါဖြစ်နေသေးသည်။ သည်နေရာမှာ လူသူတစ်ပါးမှ မရှိတာပဲ။ သူမ ငိုသံကိုပင် တောက ပဲ့တင်သံ    ပြုလေသလား ထင်မှတ်မိသေးသည်။
 ‘ညီမလေး’
ခေါ်သံက ပိုမိုပီပြင်လာတော့ ငိုကြွေးခြင်းတို့ရပ်တန့်ကာ ဝန်းကျင်ကိုကြောင်စီစီနှင့် လှည့်ပတ်ကြည့် သည်။ အိပ်မက်များမက်နေသလား။ တသွင်သွင်စီးဆင်းနေသော မြစ်ရေနှင့် စိုစွတ်နေသော မြေသား တို့ မှအပ အခြားသက်ရှိတစ်စုံတစ်ရာမရှိသောနေရာတွင် မည်သည့်နေရာက ခေါ်သံထွက်ပေါ်လာသည်လဲ။
‘ညီ….မ..လေး’
ခေါ်သံက ဟိုးအဝေးကြီးက လာသလိုမိုင်ပေါင်းများစွာဖြတ်သန်းလာရသော လေတိုးသံတွေပါသည်။
‘ဘယ်သူလဲဟင်’
‘ညီမလေး ရှေ့ကလေ…မြူခိုးတွေတော့ ဆိုင်းနေတယ်..မြင်ရရဲ့လား’
သူမ ရှေ့တွင် တောင်တန်းကြီးတွေသာရှိသည်။ သည်အရာတွေဆီကတော့ မဖြစ်နိုင်လှပါ။ပြီးတော့ သူတို့က ဝေးလွန်းလှသည်။ ဒါပေမယ့် မြူတွေဆိုင်းနေတာတော့ သည်အရာတွေပဲ။
‘တောင်တန်းကြီးတွေလားဟင်’
‘ဟုတ်ပါတယ် ညီမလေး’
တောင်တန်းကြီးတွေဟာ စကားပြောတတ်လား။ တအံ့တသြဖြင့် ငေးမောကြည့်နေသော သူမကို ထိုတောင်တန်းကြီးဆီမှ နှုတ်ဆက်စကားသံများဖြင့် ထပ်မံလှုပ်နိုးလေသည်။ သူမ ကလည်း အပြန်အလှန် စကားပြောမိသလားပဲ။ သုံး လေး ငါးခွန်း ပြီးသည့်နောက် မြူထူတွေသည် အနည်းငယ်လျော့ပါးသွား ကာ တောင်တန်းကြီးသည် သူမနှင့် နီးကပ်လာသလို ခံစားရမိလေသည်။ ထိုအခါမှ ချစ်ခင်ဖွယ်ကောင်း လှသော တောင်တန်းကြီး၏ သရုပ်ကို သူမ သေချာစွာ မြင်တွေ့ခဲ့ရတာ ဖြစ်သည်။

******
တောင်တန်းကြီးတစ်ခုနှင့် မိတ်ဆွေဖြစ်ပြီးသည့်နောက် နောက်ထပ် တောင်တန်းအချို့နှင့် မိတ်ဆွေ အဖြစ်ထပ်မံသိကျွမ်းခဲ့ရလေသည်။ အခုတော့ တောင်တန်းတွေက စကားပြောတတ်ရုံမက နွေးထွေးကြင် နာသောနှလုံးသားရှိနေကြသည်ကို သူမ သိရှိခဲ့ပြီ။ သူမလာနေကျ မြစ်ကမ်းဘေးနေရာလေးသည် အခါ  တိုင်းလိုခြောက်သွေ့ကြမ်းရှခြင်းမရှိတော့။ နားလည်စာနာသောနှလုံးသားတို့ဖြင့် ဝန်းရံနေသော အဖော်တို့ ရှိခဲ့ပြီ။ ရက်တွေ၊ လ တွေ ကြာညောင်းလာသည်နှင့်အမျှ တောင်တန်းတွေသည် သူမနှင့် နီးသထက် နီး လာသည်ကို အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရသည်။
အချို့သောတောင်တန်းတွေဆိုလျှင် လက်နှင့်ထိတွေ့၍တောင် ရသည်ပဲ။ ထိုတောင်တန်းကြီးကို ခပ်ဖွဖွထိတွေ့ခွင့်ရကာစ က ပျော်ရွှင်ကြည်နူးသောခံစားမှုဖြင့် သူမ ခုန်ပေါက်နေခဲ့သည်။ အခြားတောင် တန်းနှင့် စကားပြောစဉ် လက်နှင့်ထိတွေ့ခွင့်ရသော တောင်တန်းအကြောင်းကိုလည်း ဂုဏ်ယူစွာကြွားဝါ  လိုက်သေးသည်။ ထိုအခါ အကြွားဝါခံတောင်တန်းက ပြုံးလျက်သာနေသည်။ သူတို့အဖို့ ထိုအရာက မဆန်းတော့ပေသည်လား။ သူမ အတွက်ကတော့ တိတ်ဆိတ်ခြောက်သွေ့လှသော သူမ၏ မြစ်ကမ်းပါး   လေးအတွက် ပျော်ရွှင်မှုတို့က ပြောမကုန်ဖွယ်ပင်။

******
တောင်တန်းတွေသည် ခရီးဦးကြိုပြုတတ်သလို သိကျွမ်းရင်းနှီးပြီးလျှင် ပြန်လည်ငြိမ်သက်သွား တတ်ကြသည်ကို သူမ မသိရှိခင်အထိတော့ မြစ်ကမ်းဘေးသည် သာယာကြည်နူးဖွယ် အတိဖြစ်ခဲ့လေ သည်။ ချစ်ဖွယ်ချော့ငင်တတ်သော တောင်တန်းတို့သည် လျစ်လျူရှုတတ်သောစိတ်နှလုံးရှိသည်ကို သူမ မသိရှိခင်အထိပေါ့။
သူမကမ္ဘာသည် တောင်တန်းတို့သာဖြစ်သည်ဟု အမှတ်မဲ့ပြောမိပြီးနောက် တောင်တန်းအချို့သည် သူမနှင့် ဝေးကွာသွားတော့သည်။ အခါတိုင်းနီးကပ်စွာမြင်နေရသောတောင်တန်းတို့သည် တဖြည်းဖြည်းပြန် လည် ဝေးကွာသွားသည်ကို သတိပြုမိသည့်ခိုက် သူမ မငိုဖြစ်တော့ပေ။ မြူထူတွေရစ်ဆိုင်းနေသော ဟိုး အဝေးက တောင်တန်းတွေကိုသာ ငေးကြည့်ရင်း စကားလုံးများစွာကို မြိုချ,တိတ်ဆိတ်စွာရှိနေခဲ့သည်။
တကယ်တော့ သိကျွမ်းခဲ့စဉ်က ပြောဖူးသောစကားတို့ကို   တောင်တန်းတွေ မေ့လျော့သွားခဲ့တာ သာဖြစ်နိုင်မည်။ သူမ သည်ကောင်းကင်ပျောက်ရှခဲ့သူတစ်ဦးဖြစ်ခဲ့သည်ဆိုတာ…။ အုပ်မိုးနေသော   ကောင်းကင်မရှိနေသည့် သူမ သည် မြစ်ကမ်းဘေးမှာ တိုင်တည်ခြင်းသက်သက်ဖြင့် ကမ္ဘာသဖွယ် ဖန်တီး   နေခဲ့ခြင်းသာ။ ကီလိုတွေဝေးသည့်တောင်တန်းဖြစ်စေ၊ ကီလိုတွေမခြားသည့်တောင်တန်းဖြစ်စေ   မြစ်ကမ်းပါးဘေးမှ သူမက ချစ်ခင်ရုံသက်သက်ဖြင့်ရှိနေရုံသာ ဖြစ်သည်။
အမြဲလိုစွတ်စိုနေသော မြစ်ကမ်းပါးဝယ် တောင်တန်းတွေကို ငေးကြည့်ရင်းငြိမ်းအေးလိုသူသာ။ ပြန်လည်တိတ်ဆိတ်သွားသော ဝန်းကျင်တွင် အတန်ကြာသည့်တိုင်အောင်တော့ သူမ ထိုင်နေမိသေး သည်။ မြစ်ရေသည် ပြုမြဲကျ တသွင် သွင်စီးလျက်သာ။ ရေညှိတက်နေသော ကျောက်တုံးကလေးအချို့ကို အကြောင်းမဲ့ကုတ်ခြစ်မိပြန်သည်။

******
လေပြည်က ရုတ်ခနဲနှုတ်ဆက်တော့ ပြုံးယဲ့ယဲ့ဖြင့် တုံ့ပြန်ရသည်။ သည့်ထက်တော့ မသိကျွမ်း လိုတော့။ ယခင်နေရာမှာ ဖြည်းညင်းစွာထိုင်၍ အရှေ့ဘက်ဆီငေးကြည့်တော့  ဝေးကွာသောနေရာမှ      တောင်တန်းက အပြုံးတစ်ခုနှင့် ရောက်လာပြီလားဟု   နှုတ်ဆက်သံပြုသည်။ ခေါင်းကို အသာအယာ ညိမ့်ပြရင်း ဘာစကားမှမဆိုဖြစ်တော့။
သည်လို ခပ်ဝေးဝေးသိကျွမ်းမှုကိုသာ တောင်တန်းတို့အလိုရှိသည်ဆိုတာကို သူမ နားလည် သဘောပေါက်ရသည်မှာ ကာလတစ်ခုကို ကျော်ဖြတ်ပြီးခဲ့ပြီပဲ။ ယခုတော့ တောင်တန်းတွေနှင့် အလိုက် သင့်နေတတ်ခဲ့ပြီ။ သူတို့ တည်ရှိပေးနိုင်သလောက် အနေအထားကိုသာ အသာအယာလက်ခံနိုင်ခဲ့ပြီ။
မြစ်ရေသည် သူ့တာဝန်အတိုင်း စီးလျက်ပင်ရှိသည်။ သူမ နေရာတဝိုက်တွင်တော့ အမှိုက်အချို့ ဝဲ့ပျံ့နေတာ တွေ့သည်။ ရှင်းလင်းဖယ်ရှားရင်း လတ်ဆတ်သောလေကို တဝရှုရှိုက်မိသည်။ နောက်ထပ် သည်နေရာကို ဘယ်တော့ ရောက်လာရဦးမလဲ၊ သူမ မသိနိုင်သေးဘူး မလား။ နေခွင့်ရတဲ့အခိုက်   မြစ်ကမ်းပါး၏ သာယာသောထုံမွှမ်းမှုကို အပြည့်အဝသာခံစားလိုလေသည်။
ဝေးနေသော်လည်း မြင်နေရဆဲဖြစ်သည့် တောင်တန်းတွေကိုလည်း ငေးကြည့်ခွင်လည်း ရလေ သည်လေ။
******

သည်းထန်ခဲ့လေသော မိုးတို့အကြောင်း၊ စွတ်စိုကျသွားခဲ့လေသော သူမ အကြောင်း တိုင်တည်    ပြောလိုလှသော်လည်း တောင်တန်းတို့ ပျောက်ရှသွားမှာ စိုးရွံ့ကာ ဝေးဝေးမှသာ ငေးကြည့်နေခဲ့သည်။
ပြည့်စုံပြီလေ..။ ငေးမောခွင့်နှင့်သာ နာကျင်ခဲ့လေသော ရင်ကို ဖြေသိမ့်ရသည်။
သည့်ထက်ပို၍ သူမ မတောင်းဆိုဝံ့..။
ယခုတော့ သူမ ကမ္ဘာသည် သီးခြားဖြစ်သည်ဟူသာ တောင်တန်းတို့ ကြားမည်ဆိုလျှင် ခပ်တိုးတိုးပြောပြချင်ပါသေးသည်..။  


03.09.2014
12:55 AM
Yangon Time
















9 comments:

  1. ဘာလို့လည်း မသိဘူး....
    ငိုချင်မိတယ်............။

    ReplyDelete
  2. လွမ်းမောဖွယ်လေးတွေ စီးဆင်းသွားတယ် သူသူရေ… စာရေးကောင်းတယ်

    ReplyDelete
  3. မြစ်တွေက စီးနေတတ်သလို တောင်တန်းတွေကလည်း သူ့တို့သဘာဝအတိုင်း တိတ်ဆိတ်ငြိမ်သက် နေတတ်ကြမှာ ပါပဲ၊ ခိုင်ကျည်မြဲမြံမှုတွေ ပြိုကျမသွားဖို့က အဓိကပါပဲလေ…၊

    ဘလော့ဂ်လေး ပြန်ပွင့်လာလို့ ဝမ်းသာမိတယ် ညီမသူသူရေ…။း)

    ReplyDelete
  4. သူသူ့စာလေးဖတ်ပြီး အရောင်ပြောင်းတတ်တဲ့ တောင်တန်းတွေအကြောင်း ခေါင်းထဲရောက်လာတယ်။ ပြီးတော့ နာကျင်စွာနဲ့ လွမ်းမိတယ်....။

    ReplyDelete
  5. ခံစားမှုအပြည့်နဲ့ စာလှလှလေးတွေမဖတ်ရတာကြာပြီ ဘလော့ကိုပြန်စရေးတဲ့အတွက် အတိုင်းမသိဝမ်းသာမိတယ်..။နောက်ထပ် ပို့စ်လေးတွေလည်းဆက်ဖတ်ဖို့ စောင့်ဆိုင်းနေပါတယ် ညီမလေး..။

    ReplyDelete
  6. တောင်တန်းတွေနဲ့ ရွှေအိမ်စည်ကိုတော့ တွဲမြင်သွားပြီ..
    စကားလုံးလှလှလေးတွေနဲ့ နဲနဲတော့ မျောသွားတယ်.. 

    ReplyDelete
  7. မာယာများတဲ့ တိမ်တွေ လှည့်စားရွေ့လျားလို့ တောင်တန်းတွေ ပျောက်ကွယ်သွားတယ် ထင်ရတာပါ။
    ခိုင်ကျည်တဲ့ သဘာဝအရကို တောင်တန်းတွေက အရွေ့အပြောင်းမရှိ မာကြောတည်မြဲတယ်လေ။
    တောင်တန်းတွေရဲ့အနီးဆုံးမှာ စီးဆင်းနေတဲ့ မြစ်ကလေးကိုယ်တိုင် စီးဆင်းခဲ့ရာ လမ်းတလျှောက်က တုန့်ပြန်မှုတွေရဲ့ အတိမ်အနက်ကို ခံစားသိနေရတာပဲ မဟုတ်လား။ တိမ်တွေကြောင့်တော့ စီးဆင်းမှု လမ်းကြောင်းကို မပြောင်းစေနဲ့ပေါ့။ လှပတဲ့ တိမ်တိုက်တွေကတော့ ခိုင်မာတဲ့ တောင်တန်းတွေရဲ့ အရိပ်တွေနဲ့အတူ မြစ်ရေစီးကြောင်းတလျှောက်မှာ ပုံရိပ်ထင်ဟပ်လို့ အတူတူ လိုက်ပါနေမှာပါပဲလေ။ မြစ်ရေစီးကြောင်းတလျှောက် ကြံ့ခိုင်ခိုင်စီးဆင်းဖို့ အားမွေးရမှာက မြစ်ကလေးရဲ့ တာဝန်ပါ။

    ReplyDelete
  8. ငေးမောခွင့်နှင့်သာ နာကျင်ခဲ့လေသော ရင်ကို ဖြေသိမ့်ရသည်။
    သည့်ထက်ပို၍ သူမ မတောင်းဆိုဝံ့..။

    ခပ်လွမ်းလွမ်းလေးနဲ့ ငေးမောကျန်ရစ်ခဲ့လေပြီ မမရေ … :)

    ReplyDelete
  9. အခုမှ ကွန်ပြူတာနဲ့ ပြန်ဝင်လို့ရလို့ပါရှင်..။ ကွန်မန့်လေးတွေဖတ်ပြီး စာတွေဆက်ရေးဖို့ အားဖြစ်ရပါတယ်..။
    အားလုံးသော မောင်နှစ်မတွေကို ကျေးဇူးအများကြီးပါ...။ :))

    ReplyDelete