Wednesday, November 14, 2012

သက်တံ့များ၌ ပျော်ဝင်ခြင်း (အပိုင်း-၁)


“သက်တံ့ဆယ်စင်း”

လက်ဝယ်ရောက်မလာခင်ကတည်း အွန်လိုင်းမှ ကြေညာထားမှုကို မြင်ခဲ့ပြီး ကြည်နူးပီတိဖြစ်နေခဲ့ရပြီး  ဖြစ် သည်။ ဒီအထဲက နာမည် နှစ်ခု၊ သုံးခုလောက်သာ ကျွန်မရင်းနှီး ကျွမ်းဝင်ခဲ့သည်ဖြစ်ပြီး ကျန် အမည်နာမ များ ကတော့ နာမည်ရဘလော့ဂ်ဂါများ အဖြစ်သာ သိရှိရုံ သိရှိထားခဲ့သည်သာ...။ ကျွန်မသည် အပြင် စည်းမှ သာမာန်လူတစ်ယောက်သာ   ဖြစ်ပါသည်။ အွန်လိုင်းတွင် အသိမိတ်ဆွေ မများလှသော ကျွန်မ အတွက် သူတို့အများစုသည် သူစိမ်းပြင်ပြင်။ သို့သော် ကျွန်မ ၀မ်းသာသည်၊ ကြည်နူးပီတိဖြစ်သည်၊ အားကျ ဂုဏ်ယူသည်။ ဒါသည်ပင် စာပေကို အရင်းတည်သော ချစ်ခြင်းမေတ္တာဖြစ်လေသည်လား။ ထိုစာအုပ် ကလေးကတော့ စာမေးပွဲဖြေဆိုနေသည့် ရက်များအတွင်းတွင်ပင် ကျွန်မထံသို့ လက်ဝယ်ရောက်ရှိ လာ ခဲ့လေပြီ။

မာတိကာကို ကြည့်လေ့မရှိသော၊ ကျေးဇူးတင်စကား၊ အမှာစာတို့ကို နောက်ဆုံးမှဖတ်လေ့ရှိသော ကျွန်မ ...  အဖွင့်ဝတ္တုတိုတစ်ပုဒ်ဖြစ်သည့် “ကတ်ကြေးတစ်ကိုက်” မှာ လွင့်ကနဲဖြစ်သွားရသည်။ “ညီလင်းသစ်” တဲ့...ဒါ ကျွန်မ အွန်လိုင်း စသုံးကာစမှာ ကြားဖူးခဲ့ရသည့် နာမည်..။ သို့သော် ကျွန်မ သူ့ကို မသိပါ။ သူ့ရဲ့ အရေးအသားတွေတွင် ရိုးရှင်းမှုနှင့် အတူ စကားလုံးကျစ်လျစ်မှုတွေ မြင်တွေ့ရသည့်အခါ ကျွန်မ တအံ့တ သြ။ ကျွန်မတို့ မဂ္ဂဇင်းလောကတွင် ရသစာပေများကို အာသာငမ်းငမ်းလိုက်လံ ရှာဖွေနေရချိန်တွင် အွန် လိုင်း စာပေလောကမှာ ဒီလို ၀တ္တုတိုရေးလက်တွေ ဘယ်လောက်တောင် ရှိနေကြပါလိမ့်။ ညီလင်းသစ်   ရေးသွားတာ စ လယ် ဆုံး သေသေသပ်သပ်။ ကျွန်မ တို့ ဆရာ့ ဆရာကြီးများ မကြာခဏ ကျူးရင့်ကြ သလို Target တစ်ခုကို ရောက်အောင်ရေးသွားနိုင်သည့် ၀တ္တုတစ်ပုဒ်ပင်။

“ကြမ်းပြင်ပေါ် တစွန်းတစကျနသည့် တစ်ဖက်ခန်းမှ မီးရောင်ဖြင့် သားရဲ့ မျက်နှာလေးကို သူတွေ့နေရ သည်။ သူ့လက်ပေါ်မှာ အပူအပင်ကင်းမဲ့စွာဖြင့် အိပ်ပျော်နေသော မျက်နှာ ကလေး...။ စောစောတုန်း ကတော့ ဗိုက်ဆာနေ၍ထင့်၊ မျက်နှာတွေ နီရဲလာအောင် တ၀ါးဝါးအော်ငိုနေခဲ့သေးသည်။”

အချိန်ကာလ၊ တည်နေရာ၊ ပတ်ဝန်းကျင်အခြေအနေ၊ ချစ်ခြင်းမေတ္တာတရားတို့ကို သူသည် စာကြောင်း သုံး လေးကြောင်းနှင့် ရက်ဖောက်နိုင်ခဲ့သည်။ သူ့ သားကလေးနိုး သွားမှာ စိုးသည့်အလား ကျွန်မပင် အသက်ရှုသံခပ်တိုးတိုးနှင့် စာရွက်ကို ဖွဖွလှန်လို့.....။ ရှေးရိုးဆန်သည် ပြောချင်ပြော...မော်ဒန်တွေ၊ နိမိတ်တွေ၊ နားမလည်အောင် ၀ှက်ရေးမှုတွေထက် ဒီလို ရိုးရှင်းသည့် အရေးအသားမျိုးကို ကျွန်မ နှစ်သက် လှပါသည်။

ဖခင်တစ်ယောက်၏ သူ့သားကလေးအပေါ် ထားသည့်မေတ္တာ၊ သားကလေးရရှိချိန်တွင် ခံစားရသည့်   နူးညံ့မှု၊ တုန်လှုပ်မှု၏ ၀မ်းသာမှုတို့အား သူ ဖော်ကျူးနိုင်ခဲ့သည်။ သားချက်ကြိုးကို ကတ်ကြေးဖြင့် ကိုက် စဉ်ခံစားမှု၊ ချက်ကြိုး ပြတ်တောက်သွားစဉ် အရောင်စုံသွားသည့် ခံစားမှု၊ သားကလေး ရောက်ရှိလာခြင်း အပေါ် ၀မ်းမြောက် ၀မ်းသာကြိုဆိုသော၊ သား အတွက် မားမာမတ်မတ်ရပ်တည်ပေးလိုသော၊ မိဘတာဝန် အပြည့်ထမ်းဆောင်ဖို့ တက်ကြွနေသော ဖခင်တစ်ယောက်၏ နှလုံးရိုက်ခတ်သံများ.....။ ၀တ္တုတို တစ် ပုဒ်လေးအတွင်းမှာပင် ပစ္စက္ခအခြေအနေ၊ အတိတ်၊ အနာဂတ် အလုံးစုံကို ရက်ဖောက်ရေးသွားနိုင်ခဲ့သည်။

“သေချာသည်ကတော့ ချစ်ခြင်းမေတ္တာဖြင့် စိုက်ပျိုးခဲ့ခြင်း ဖြစ်လေသည်”


ဝတ္တုကို အဆုံးသတ် ဖတ်ပြီးချိန်၌ ကျွန်မ အကြိုက်ဆုံး စာကြောင်းပင် ဖြစ်သည်။ ဒီတစ်ကြောင်း တည်းနှင့် ပင် ကျွန်မမျက်ဝန်းများ ခေတ္တမှေးမှိတ်ကာ သားကလေးနှင့် သူ့ ဖခင်လူငယ်ကလေးကို   မြင်ယောင်လာမိ သည်အထိ “ကတ်ကြေးတစ်ကိုက်” က ဆွဲဆောင်နိုင်ခဲ့ပါသည်။ ညီလင်းသစ် စိုက်ပျိုးခဲ့သော သစ်ပင်ပေါက် ကလေးကို ကျွန်မ မြင်နေရသည်လား..။ သူ့ “ကတ်ကြေးတစ်ကိုက်”က လှပလွန်းလှသည်။

မယ်ကိုး“ဖြူတစ်ကောင်ရဲ့ ဖြောင့်ချက်” ကတော့ ရသစာတမ်းဆန်ဆန်ပင်။ မိန်းမငယ် တစ်ယောက်ရဲ့ ခံပြင်းနာကျင်မှု၊ သိမ်ငယ်ရှက်ရွံ့မှု၊ တမြေ့မြေ့လောင်မြိုက်မှုတွေကို ဖတ်ရင်း ဖတ်ရင်းမှ တစစ   မြင်လာ သလို...။ “သူမ ဘယ်သူလဲ...သူ ဘယ်သူလဲ.....ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ??? ” စသဖြင့် ဖွင့်ဆိုရှင်းပြ တန်ဆာဆင်ထားစရာ မလိုပဲနှင့် မိန်းမငယ်တစ်ဦး၏ စိတ်တွင်း အဇ္ဈတ္တခံစားမှု ရှုထောင့်မှ တရိပ်ရိပ်ရေးပြ သွားခြင်းမျိုး ဖြစ်သည်။


“အမျက်မိုးကြိုး၊ ထစ်ချုန်း အမုန်း နဲ့ ဒေါသလျှပ်စစ်တွေရယ်။ စာနာပါ။”
ဒီလို အရေးအဖွဲ့လေးများကို ဖတ်ပြီး ကျွန်မ ပြုံးမိတော့မလို။ မယ်ကိုး စကားလုံးတွေ သုံးသွားတာ လှသလို စာကြောင်းတွေကလဲ ချောမွေ့ပြေပြစ်လှပါသည်။ ခပ်တိုတို သူ့စာတမ်းကလေးက ခံစားမှု အရှိန်အဟုန် ကို ပေါ်လွင်အောင် ရေးသားသွားခဲ့သည်။

နောက် တစ်ပုဒ် ဖြစ်သည့် သတိုး“သစ္စာအထားအသို” ကို ဖတ်မိချိန်မှာ နောက်ထပ်  ၀တ္တုတိုရေး လက်ကောင်းသူ တစ်ဦးကို ထပ်မံမြင်တွေ့ရပါသည်။ သတိုး ဟူသည့် နာမည်ကိုတော့ ကျွန်မ သိနှင့်နေသ လို။ မဂ္ဂဇင်းစာမျက်နှာထက်မှာ ရံဖန်ရံခါ တွေ့ဖူးသည်ထင်ပါသည်။

အခန်းအကူးအပြောင်း၊ ဇတ်ကြောင်း အချိတ်အဆက်၊ မြိုင့်ဘ၀၊ မြိုင့်စိတ်ဓာတ်၊ မြိုင့်ရဲ့ တာဝန်ယူလိုမှု၊ ကိုသွင် ရဲ့ ယိမ်းယိုင်လွယ်သော၊ မခိုင်ကျည်သော စိတ်ဓာတ်တို့ကို အထင်းသားပေါ်လွင်အောင် ရေး ဖွဲ့ ထားသည်။ လောကဓံကြမ်းကြမ်းကို တစ်ယောက်တည်း ရင်ဆိုင်အံတု ဖြေရှင်းနေသော မြိုင်။ ကိုသွင့်ထံ မှာ အကူအညီတေင်းတာ မနှစ်မြို့လှပေမယ့် မြိုင့် အတွက် တခြားနည်းလမ်းလည်း ကူစဉ်းစား မပေး တတ်။ မိဘ လက်ငုတ်လက်ရင်းကို ကျားကုတ်ကျားခဲ ဆက်လက်ရှင်သန်စေလိုသော မြိုင်။ မြိုင် နှင့် ကိုသွင် ချိန်း ဆိုသောနေ့တွင်မှု ဘယ်လို ဖြစ်တော့မည်ဆိုတာ ကျွန်မ ရိပ်စားစပြုလာသည်။ ကိုသွင့်ထံက အကူအညီ မတောင်းနဲ့လေ မြိုင် ရဲ့....စိတ်တွင်းမှ အကြိမ်ကြိမ် သတိပေးရင်းကပင် မြိုင် ကိုသွင့်ကို ရင်ဖွင့်လိုက်သော အခါ ကျွန်မ နှမြောတသ....။

“ကိုယ့် အတွက် ကိုယ်ထက် သူများပေးစရာ မရှိတာက ရှက်စရာပိုကောင်းတယ် ကိုသွင် ရဲ့။ လျစ်လျူရှုလို့ လည်း မရဘူးလေ။ အို...ကိုသွင်...”

ဒီအခန်းအဆုံးသတ်မှာ သက်ပြင်းတစ်ခုကို ခပ်သဲ့သဲ့ ချလိုက်မိသည်။ မြိုင်ရယ်.......။ ကျွန်မ မလိုချင်သော အဆုံးသတ်ကို မြိုင်က ဖန်တီးခဲ့ပြီ။

“မြိုင့် လက်ထဲက အတန်အသင့်လေးနစ်သော ငွေထုတ်ကို မြင်လျှင် လတ်တလော အခိုက်အတန့် တော့   မေမေ ပျော်ရွှင်သွားမည် ထင်ပါသည်။ ဒါပေမယ့် မြိုင် သိချင်တာက ထိုအပျော်တွေဟာ ဘယ်လောက် ကြာရှည် တည်တံ့နိုင်မလဲဆိုတာ...။”

မြိုင် သိချင်သလို ကျွန်မ လည်း သိချင်လှပါသည်။ ဒါဟာ အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုတော့ မဟုတ် ဘူး မြိုင်။ မြိုင့် လုပ်ငန်းပြန်လည်လည်ပတ်နိုင်ရဲ့လား။ နောက် တစ်ရာသီမှာ အဆင်ပြေပြေ လည်ပတ် သွားနိုင်ပါ့မလား။ ကိုသွင့်ရဲ့ ကျေးဇူးတရားတွေကော မြိုင် ဘယ်လိုဖြေရှင်းမှာပါလိမ့်..။ တကယ့်လက်တွေ့ ဘ၀ထဲတွင် သစ္စာအထားအသိုတွေ မှန်ကန်မိစေဖို့ ကျွန်မ တို့ မိန်းမသားတွေ ကြိုးစားကြရမည်သာ။ သတိုး၏ “သစ္စာအထားအသို” က ကျွန်မကို ပင့်သက်တွေ၊ ရင်မောစရာတွေ၊ အားမလို အားမရဖြစ်စေ မှုတွေနှင့် ထားရစ်ခဲ့ပါသည်။ သတိုး ၀တ္တုတို အရေးကောင်းလှသည်။

မြသွေးနီ ကတော့ လူချင်းခင်မင် မရင်းနှီးသော်လည်း ကလောင်နာမည်ကို သိကျွမ်း နှင့်ပြီးသည့် သူ တစ်ယောက်ဖြစ်သည်။ ကျွန်မ ဘက်မှ ဆိုပါတော့လေ..။ မဂ္ဂဇင်းစာမျက်နှာထက်မှာ တွေ့ဖြစ်သလို Teen Magazine နှင့် ပတ်သတ်၍လည်း သိနှင့်နေခဲ့ပြီး ဖြစ်သည်။ မြသွေးနီ၏ ရေးလက်ကို ကျွန်မ ကြိုက်နှစ်သက် ခဲ့ပြီးသားပင်..။

“သံသယ ကန့်လန့်ကာ” ကို ဖတ်ရှုရပါသည်။ ကွင်းစိမ်းတစ်ခုကို ရေးဖွဲ့ထားပါသည်။ ရေကူးကန်ကို လာ   ရောက်ကြသူများနှင့် ရေကူးကန်မှ ၀န်ထမ်းမိန်းမငယ် နှစ်ယောက်၏ စိတ်နေစိတ်ထား၊ လုပ်ငန်းဆောင်      တာတွေကို စိတ်ဝင်စားဖွယ် ရေးပြသွားသည်။ ဇာတ်လမ်းရဲ့အဖွင့်အပိတ်၊ ဇာတ်ရှိန် အမြင့်အတက်ကို စာဖတ်သူစိတ်ဝင်စား သိချင်လာအောင် လှလှပပရေးဖွဲ့သွားပါသည်။ အကြောင်းအရာက သာမာန်ပင်... ထူးထွေဆန်းပြားမပါ။ သို့သော် လူ ဟူသည့် မာယာမျိုးစုံကို မြင်လိုက်ရသလိုရှိသည်။ “မမ” လို လူစား မျိုးတွေ တကယ့်ကို ကျွန်မတို့ လက်တွေ့ပတ်ဝန်းကျင်မှာ ရှိပါသည်။ အဆုံးမှ မြှပ်ကွက်ကို ဖော် လိုက်သော “သံသယကန့်လန့်ကာ” သည် လှပသေသပ်သော ၀တ္တုလေးတစ်ပုဒ်ပင်။

ဏီလင်းညို“နိဂုံးမဲ့ တေးသွား” ကို ဆက်လက်ဖတ်ရှုရပါသည်။ ထူးထွေအကြောင်းအရာ မဟုတ်သော် လည်း တစ်ညနေခင်းတစ်ခုကိုပင် အခြေပြုပြီး ချစ်သူနှစ်ဦး၏ ပိုင်စိုးလိုမှု၊ ချစ်ခြင်းမေတ္တာတရား၊ ၀န်တိုမှု၊ ခွင့်လွှတ်နားလည်ခြင်းတွေကို တသိမ့်သိမ့်မြင်လာစေပါသည်။ အတက်အကြွ သိပ်မရှိ လှသော်လည်း   ပြေပြစ်သော အရေးအသား၊ အခန်းအကူးအပြောင်း သေသပ်မှုလေးတွေက စာဖတ်သူကို အဆုံးထိ ဆွဲဆောင်နိုင်ခဲ့ပါသည်။

ခင်လေးငယ်“သက်ငြိမ်၌ စီးမျောခြင်း” က ခေါင်းစဉ်နှင့် ဟပ်မိနေသော ကဗျာဆန်လှသည့် အက်ဆေး တစ်ပုဒ်ပင်။ နူးညံ့သိမ်မွေ့ခြင်းတွေနှင့် ဖွဲ့တည်ထားသည့် ချစ်သူနှစ်ဦး၏ လှပသော ချစ်ခြင်းမေတ္တာ၊ အဇ္ဈတ္တ၏ ရိုးတွင်းအထိ တိတ်ဆိတ်ငြိမ်သက်မှုတွေကို ရေးဖွဲ့ထားသည်။ စိတ်အလျဉ် သိမ်မွေ့လှသည့် ကဗျာတစ်ပုဒ်နှယ့်...။ ချစ်စရာတော့ ကောင်းလှသည်။

မြစ်ကျိုးအင်း“အမေ့စိန်နားကပ်” တွင် မိခင်မေတ္တာကို လှစ်ကနဲ မြင်တွေ့လိုက်ရသည်။ သမားရိုးကျ ဆန်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေမည့် ရိုးရှင်းပြေပြစ်သော အရေးအသားက ဆွဲဆောင်နိုင်ခဲ့ပါသည်။

အိမ့်ချမ်းမြေ့ “ခရေရှင်” ကို ဆက်လက်ဖတ်ဖြစ်ပါသည်။ သူ သည်လည်း ကဗျာဆန်သည့် ၀တ္တုတို တစ်ပုဒ်ပင်။ ဇတ်လမ်း အကူးအပြောင်းလှပသည်။ ချစ်ခြင်းမေတ္တာနှင့် လွမ်းမောခြင်းတွေကို လှလှပပ   ရေးဖွဲ့ထားသည်။ သို့သော် ဇာတ်အဖွင့်အပိတ် အနည်းငယ်တော့ ရုပ်ရှင်ဆန်ပါသည်။ လွမ်းမောခြင်းကို စူးရှရှတော့ မရပါ။ သို့သော် လှပသေသပ်သော အရေးအသား၊ စကားလုံးနူးညံ့မှုတွေက အဆုံးထိ ဆွဲခေါ် သွားနိုင်ပါသည်။

“ရေလာမြောင်းပေးပြုခြင်း” “ပဲထုတ်ခြင်း” “ကြိုး ရှည်ရှည်နှင့် လှန်ထားခြင်း” စသည့် စကားလုံးများ ရှိမနေသည့် သူမ၏ အဘိဓာန်စာအုပ်အောက်မှာ လေ့ကျင့်ခန်း စာအုပ်တစ်အုပ်ရှိလေသည်။”

“ခရေ တို့ အကြိမ်ပေါင်းများစွာဝေ၍ အကြိမ်ပေါင်းများစွာ ကြွေခဲ့လေပြီ”

“စာမျက်နှာသည် မစီးချင့်စီးချင် စီးဆင်းလာနေသော စမ်းရေတစ်စင်းနှယ် တထစ်ခြင်း ပြန်ပွင့်လာလေ သည်”

အရေးအသားလေးများက ချစ်စဖွယ်။ ချစ်ခြင်းမေတ္တာ၏ လေးနက်ခိုင်ကြည်မှုကို လှစ်ကနဲ   မြင်လိုက် ရပါသည်။

ရေခဲငှက် “မြင်းရိုင်း” တွင် လူငယ်တစ်ယောက်၏ အားမာန်၊မိသားစု၏ ချစ်ခြင်းမေတ္တာ၊ ဘ၀ကို ရင်ဆိုင် အံတုကျော်လွှားလိုသော စိတ်အင်အားတို့ကို မြင်တွေ့ရပါသည်။ ၀တ္တုတိုဟု ပြော၍ ရသလို ပုဂ္ဂလိကပေးစာ သဘောမျိုး ရသဆောင်းပါးလည်း ဆန်ပါသည်။


“အမေ့ အတွက် ကျွန်တော်က အမှောင်ကို ခွင့်မယ့် အလင်းတန်းလေး တစ်ခု ဖြစ်ချင်ခဲ့တာပါ အမေရယ်”



“အခက်အခဲတွေ တင်းကြမ်းပြည့်နှက်နေတဲ့ တောအုပ်ကြီးထဲမှာ လွှားကနဲ ရိပ်ကနဲပြေးနှင်နေတဲ့   မြင်းရိုင်း တစ်ကောင်ရဲ့ အားမာန်မျိုးကို မဆုတ်မနစ် မွေးမြူပြီး ရှေ့ဆက်ရမယ့် ဘ၀ခရီးတစ်လျှောက်လုံး ခွန်အား အပြည့်၊ မာန်ဟုန်အပြည့် နဲ့ ဆက်လက် ခရီးနှင်သွားမှာပါ”


ဒီစာသားတွေက အဓိက ကျောရိုးဟု ထင်မြင်မိပါသည်။

မြတ်မွန်“မေတ္တာဖြင့်မိုး နှလုံးသားဖြင့်ကာ” ကို ဖတ်ရချိန်တွင် ရေမြေနေရာဒေသကို လိုက်၍ အပြော အဆို၊ ဓလေ့စရိုက် ပြောင်းလဲပုံ၊ ရေခြားမြေခြားရောက်   မြန်မာမိသားစုလေး၏ ဘ၀အခြေအနေ၊ သားသမီး များအပေါ် လိမ္မာယဉ်ကျေးစေလိုသော၊ အနာဂတ် အတွက် အကောင်းဆုံးကိုသာ ဖန်တီးပေး လိုသော မိခင်နှင့် ဖခင်၏ ချစ်ခြင်းမေတ္တာ ကို အထင်းသား မြင်နေရပါသည်။

“ရုပ်ဝတ္တုများ နောက်ကို လိုက်ရင်း နှလုံးသားများ လုံးပါးပါးရမည်ကို ကျွန်တော်တို့ မလိုလားကြတော့”

”ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစားတတ်သော နေရာတွင်သာ ကျွန်တော်တို့ မိသားစုဘ၀ အိမ်ကလေး တစ်လုံး အသစ်ပြန်ဆောက်ကြမည်။ ထို အိမ်ကလေးကိုတော့ မေတ္တာဖြင့် မိုး၍ နှလုံးသားနှင့် ကာရံထား မည်ဟု ကျွန်တော်တို့ ဆုံးဖြတ်ထားကြပါသည်။”


ဇာတ်ကို အရှိန်မြင့်စေဆုံး စာကြောင်းများပင်။ ကျွန်မ တို့ သားသမီးတွေကို ရုပ်ဝတ္တုပြည့်စုံစေရန် ဖန်တီး   ပေးရုံနှင့် မပြီးသေး ချစ်ခြင်းမေတ္တာတရားရှိဖို့၊ လိမ္မာယဉ်ကျေးမှုရှိဖို့ စိတ်နှလုံးလှပအောင်လည်း သင်ပေး ဖန်တီးဖို့ လိုအပ်ကြောင်း မြတ်မွန်က အလင်းတန်းပြလိုက်ပြီ။ နိုင်ငံခြားရောက်   မြန်မာ မိသားစုများ သာမက၊ ပြည်တွင်းနေ မိသားစုများ အတွက်ပါ စဉ်းစားရမည့် ကိစ္စတစ်ခုကို ပြသလိုက်ပါသည်။ ၀တ္တတိုရေးသူ တစ်ယောက် အနေနှင့် မြတ်မွန် တာဝန်ကျေပါသည်။





P.S
စာရေးရာတွင် လွယ်ကူချောမွေ့မှု ရှိစေရန် ဆရာ၊ ဆရာမ များအား ကလောင်နာမည်အတိုင်းသာ ခေါ်ဝေါ် သုံးစွဲပါသည်။
နားလည် ခွင့်လွှတ်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။


ချစ်ခြင်းမေတ္တာဖြင့်

ရွှေအိမ်စည်

11.10.2012
PM:8:04

14 comments:

  1. သက်တန့်မှာလည်း ပျော်ဝင်တာ ပျော်ဝင်ပေါ့နော်... mmebooks.com ဘက်ကိုလည်း တချက်လှည့်ကြည့်အုံး ဒါပဲ

    ReplyDelete
  2. သတိုး သတိုးDecember 26, 2012 at 12:22 AM

    တစ်ပုဒ်ချင်းကို သေချာ စေ့စေ့စပ်စပ် ခံစားပြီး တပင်တပန်း အားထုတ်ရေးတာအတွက် အထူးကျေးဇူး တင်ပါတယ် ခင်ဗျာ။ ကျွန်တော့်မြိုင်ကို စာနာနိုင်တဲ့ သူမို့ ပိုလို့ ကျေးဇူးတင်ပါတယ်။း)) share ခွင့်လည်း ပြုပါဦး။ အပိုင်း(၂) ကို စောင့်မျှော်နေပါ့မယ်။

    ReplyDelete
  3. ဏီလင်း ညိုDecember 26, 2012 at 12:23 AM

    စာလေးတွေကို တစ်ပုဒ်ချင်းစီ ရီဗျူးလုပ်ထားတာလေးက နှစ်သက်စရာပါဗျာ...။ ကျွန်တော့်ဝတ္တုလေးကို အတက်အကြွ သိပ်မရှိဘူးလို့ ဝေဖန်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကြိုးစားသွားပါ့မယ်ခင်ဗျ.... :)

    ReplyDelete
  4. ဏီလင်း ညိုDecember 26, 2012 at 12:23 AM

    အပိုင်း(၂)ကိုလည်း စောင့်မျှော်နေပါတယ်ခင်ဗျာ....

    ReplyDelete
  5. ကိုကိုး အိမ်December 26, 2012 at 12:24 AM

    တကယ့်အမှာစာတွေမှာတွေ့ရခဲတဲ့ အမှာစာကောင်းတစ်ခုကိုဖတ်လိုက်ရသလိုပါပဲ..... ဆရာဆောင်းဝင်းလတ်ရေးထားတဲ့ အမှာစာလေးလိုပဲ အမရေးတဲ့စာလေးကို သိပ်သဘောကျပါတယ်

    ReplyDelete
  6. ရီဗျူးပုံစံ ပြန်ရေးထားပေမယ့် သက်တံ့ဆယ်စင်းရဲ့ ထိပ်ဆုံး စာမျက်နှာတွေမှာ အမှာစာ အနေနဲ့ကို ဖတ်ချင်မိတဲ့ သုံးသပ်ချက်၊ အရေးအသားပါပဲ၊ တစ်ပုဒ်ချင်းစီရဲ့ နည်းပညာ အပျော့အမာ၊ စာဖတ်သူတစ်ယောက် ရလိုက်တဲ့ ရသခံစားမှု၊ ဝတ္ထုရဲ့ ကျောရိုး စတာတွေကို ကျစ်ကျစ်လစ်လစ်နဲ့ ဖော်ပြသွားတာ တကယ်ပဲ အတုယူစရာပါ၊ တပင်တပန်းနဲ့ အားထုတ်ဝေဖန်မှုအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ အပိုင်း (၂) ကိုလည်း စောင့်နေပါ့မယ်...။

    ReplyDelete
  7. သေသေချာချာလေးလေးနက်နက် ဖတ်ရှုခံစားပေးတာ အင်မတန်ကျေးဇူးတင်လှပါတယ်။ ကိုယ့်ဝတ္ထုလေးအပေါ် ဘယ်လိုမြင်မလဲဆိုတဲ့ ခံစားချက်လေးတငြိမ့်ငြိမ့်ခံစားခွင့်ရလိုက်တာကိုက ပီတိဖြစ်စရာပါပဲ။ အကျစ်လစ်ဆုံး စကားသုံးရရင်တော့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  8. သူသူရဲ့ သုံးသပ်ချက်အရေအသားတွေ မဖတ်ဖူးဘူး အရမ်းကောင်းတယ် ကိုယ်တိုင်ဘဲရေးပါလား မမအားပေးနေမယ်

    ReplyDelete
  9. ရွှေအိမ်စည်ကိုယ်တိုင်လည်း စာရေးကောင်းသူ တစ်ယောက်ပဲဆိုတာ ဒီဝေဖန်ချက်လေးတွေကို ဖတ်လိုက်ရခြင်းအားဖြင့် သိသာပေါ်လွင်စေပါတယ်. အခုလိုမျိုး စာဖတ်သူတစ်ယောက်စီက ပွင့်လင်းရိုးသားတဲ့ သုံးသပ်ချက်လေးကို ဖတ်ရတာ စာရေးသူတွေအတွက်လည်း တစ်အား ဖြစ်စေမှာပါ. ကျေးဇူး ရွှေအိမ်စည်...

    ReplyDelete
  10. အရှေ့ဆုံး စာမျက်နှာက အမှာစာတစ်ပုဒ်ကို ဖတ်မိသလိုပါပဲရှင်..ကျေးဇူးတင်ပါတယ်.. :)

    ReplyDelete
  11. မလေးအိမ့်ချမ်းမြေ့December 26, 2012 at 12:26 AM

    သေချာလေးရေးပေးတာတွက် မလေး ကျေးဇူးတင်လျှက်...
    အပိုင်း (၂) အား ငံ့လင့်လျှက်........း))

    ReplyDelete
  12. ကူးသွားတယ် ဖတ်ပြီးမှ မန့်တော့မယ်....

    ReplyDelete
  13. ပိတ်ရက်မှာ အွန်လိုင်းမသုံးဖြစ်လို့ အခုမှ ဖတ်နိုင်တာပါ။ အစအဆုံးဖတ်ပြီး သက်တံဆယ်စင်းကို စာဖတ်သူတစ်ယောက်နေရာက သေသေချာချာ ခံစားသုံးသပ်ပေးထားတဲ့ စာရေးသူရဲ့စေတနာကို မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ စာကြောင်းရေတိုင်းဟာ စာရေးသူတွေအားလုံးအတွက် ခွန်အားတွေ အမှန်တကယ်ဖြစ်စေပါတယ်။ အခုလိုမျိုး သုံးသပ်ချက်ကိုလည်း ၀မ်းမြောက်စွာ ကြိုဆိုမိပါတယ်။ အွန်လိုင်းက စာရေးသူတွေအတွက် အခုလို Review လုပ်ပေးတာ ရှားပါတယ်။ စာရေးကောင်းသူတစ်ဦးမို့ အွန်လိုင်းက ကြီးငယ်မဟူတို့ ရေးသားထားတဲ့ စာရေးသူစိတ်ကို တွယ်ငြိစေမယ့် စာများရှိခဲ့ရင် အခုလို Review ရေးစေချင်ပါတယ်။ အွန်လိုင်းစာရေးသူ စာဖတ်သူတွေအတွက် လိုအပ်နေတဲ့ ကွက်လက်တစ်ခုလို့ မြင်မိလို့ပါရှင်။
    ဒုတိယပိုင်းကို ဆက်လက်စောင့်ဖတ်ပါမယ်။ Tag လုပ်ပေးပါနော်။

    ReplyDelete
  14. စာပေကို အရင်းတည်သော ချစ်ခြင်းမေတ္တာဖြစ်လေသည် ” ဆိုတဲ့စကားလုံးလေးကိုလည်း အင်မတန်မှ နှစ်သက်မိပါကြောင်း..

    ReplyDelete